စာဖတ်သူများအတွက် အရေးကြီးသော မှတ်ချက်
အောက်ပါ စာသားမှတ်တမ်းသည် ဆရာရွှေဝါထွန်းနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးဗီဒီယိုမှ စကားပြောမှတ်တမ်းကို ဖတ်စာအဖြစ်ပြောင်းလဲ ရေးသားထားခြင်း ဖြစ်ပါသည်။ သူသည် မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံအဖြစ် အသိအမှတ်ပြုခံရသော သမိုင်းဝင် တတိယမြောက် လက်ဝှေ့ကစားသမား ဖြစ်သည်။ ယင်းဘွဲ့ကို ၁၀ နှစ်အကြာ သက်တမ်းအကြာရှည်ဆုံး ထိန်းသိမ်းထားခဲ့သည်။
အောက်ပါစာသားမှတ်တမ်းကို ဝါရင့်ရိုးရာလက်ဝှေ့ကစားသမားတစ်ဦး၏ နှုတ်ရာဇဝင်သမိုင်းကို မှတ်တမ်းတင်ထားသော ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တစ်ခုအနေဖြင့်သာ တင်ဆက်ထားခြင်း ဖြစ်ပါသည်။
အင်တာဗျူးဖြေဆိုသူ မျှဝေထားသော အချက်အလက်များတွင် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ၊ ပြန်လည်အမှတ်ရမှုများနှင့် ကိုယ်ပိုင်အမြင်များ ပါဝင်ပြီး သမိုင်းဝင် သို့မဟုတ် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများနှင့် သီးခြား တိုက်ဆိုင်စစ်ဆေး အတည်ပြုထားခြင်း မရှိပါ။
ဤအကြောင်းအရာများမှာ သူဖြေကြားခဲ့သည့် အဖြေများဖြစ်ပြီး၊ သူ၏ဘဝမှတ်တမ်းကို သူ့စိတ်တိုင်းကျ ဖော်ထုတ်ခြင်း ဖြစ်ပါသည်။
ဤစာသားမှတ်တမ်းတွင် ပါဝင်သော အချက်အလက်များအတွက် Lethwei World တွင် တာဝန်မရှိပါ။ စာဖတ်ရှုသူများအနေဖြင့် ဤပြောကြားချက်များတွင် နှုတ်ရာဇဝင်များတွင် တွေ့ရလေ့ရှိသည့် အလွန်အကျွံဖော်ပြမှုများ သို့မဟုတ် မှတ်ဉာဏ်ကွဲလွဲမှုများ ပါဝင်နိုင်ကြောင်း၊ ထို့ပြင် ၎င်းတို့သည် ပြောဆိုသူ၏ သီးခြားယဉ်ကျေးမှု၊ ဘာသာရေးနှင့် သမိုင်းနောက်ခံအခြေအနေများအပေါ် အခြေခံထားသော ရှုမြင်သုံးသပ်ချက်များဖြစ်ကြောင်း သတိပြုသင့်ပါသည်။
စာသားမှတ်တမ်းတွင် ပြောဆိုသူများ၏ မူရင်းပြောဆိုချက်များကို ထိန်းသိမ်းရန် ကြိုးပမ်းထားပြီး ရှင်းလင်းမှုရှိစေရန်နှင့် ဖတ်ရှုရလွယ်ကူစေရန်အတွက် အသေးစားပြင်ဆင်တည်းဖြတ်မှုများ ပြုလုပ်ထားပါသည်။
ဤအင်တာဗျူးနှင့် မူရင်းဗီဒီယိုအတွက် UK Matchday နှင့် အင်တာဗျူးသူ ဆရာ နန္ဒဝန်ငြိမ်းချမ်း တို့အား ခရက်ဒစ်ပေးအပ်ပါသည်။
(ချမ်း) – အားလုံးပဲ မင်္ဂလာပါခင်ဗျ။ UK Match Day ရဲ့ Facebook နဲ့ Youtube channel ကကြိုဆိုပါတယ်။ ပရိသတ်တွေအားလုံးလည်း မင်္ဂလာပါ။ ကျွန်တော် အခု ဒါ သထုံမြို့ကို ရောက်နေတာပါ။ သထုံမြို့ရဲ့ နာမည်ကြီးဟိုတယ်တွေထဲကတခုဖြစ်တဲ့ Two Lakes Hotel ကို ရောက်နေတယ်။ ဒီဟိုတယ်မှာ ဆက်တင်လေးချပြီးတော့ ကျွန်တော်တို့က သထုံမြို့နဲ့ ဘားအံမြို့မှာ လက်ရှိအခြေချနေတဲ့ ရိုးရာလက်ဝှေ့ကစားသမားတွေကို အင်တာဗျူးလာလုပ်တာပေါ့။
အဲဒီထဲမှာမှ လက်ရှိ ဒါ မြန်မာပြည်မှာ အကျော်ကြားဆုံးလက်ဝှေ့သမားလို့ပြောလို့ရတဲ့ စိုးလင်းဦး၊ ပြီးတော့ ကျွန်တော်တို့အမြင်ပေါ့ ဒါတော့ ကျွန်တော့်တဦးတည်းအမြင်ပါ ရိုးရာလက်ဝှေ့သမိုင်းမှာ ထာဝရအကောင်းဆုံးကစားသမား GOAT (Greatest Of All Time) လို့ပြောလို့ရတဲ့ ဆရာကြီးသထုံရွှေဝါထွန်း၊ သူတို့နဲ့လည်း ရိုက်ကူးရေးအစီအစဥ်ပေါ့နော်။ အခုကတော့ ဆရာကြီးသထုံရွှေဝါထွန်း ဒီမှာရှိနေပါပြီ။ ဆရာနဲ့အတူ ဆရာ့ဆီက စကားသံတွေ၊ ရိုးရာလက်ဝှေ့အတွေ့အကြုံဖြတ်သန်းမှုတွေ၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကို တဆင့်ဝေမျှသွားမှာဖြစ်ပါတယ်ခင်ဗျာ။
ဆရာကြီး၊ မင်္ဂလာပါ ဆရာ။
(ထွန်း) – ကောင်းပါပြီ၊ မင်္ဂလာပါ။
(ချမ်း) – ဆရာနဲ့တွေ့ချင်တာကြာပါပြီခင်ဗျ။ ရန်ကုန်မှာလည်း တချို့လက်ဝှေ့ပွဲတွေမှာတော့ ကြိုကြားကြိုကြားတွေ့ဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ပေါ့နော် စကားတွေမပြောဖြစ်ခဲ့ကြဘူးပေါ့။ အခုတော့ ဒါ သထုံမြို့ကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာပြီပေါ့။ ဆရာကြီးက အခုဘားအံမှာ နေတာလား။
(ထွန်း) – လက်ရှိနေတာကတော့ သထုံမှာပဲလေ။ အခု ကလပ်ကတော့ ကရင်ပြည်နယ် နောင်ဖျံ ဘက်ကို ခဏရွှေ့ထားတယ်။
(ချမ်း) – အရင်ဆုံး ကျန်းမာရေးအခြေအနေလေး ပြောပါဦး။
(ထွန်း) – ကျွန်တော်ကတော့ ကလေးတွေနဲ့ အမြဲတမ်း လေ့ကျင့်မှုကောင်းတယ်ပေါ့လေ၊ ကျန်းမာရေးတော့ကောင်းပါတယ်။ အခုအချိန်ထိကျန်းမာရေးကောင်းတုန်းပါပဲ။
(ချမ်း) – ဟုတ်ကဲ့။ အသက်ကကော။
(ထွန်း) – အသက်ကတော့ ၆၃ နှစ်ပါ။
(ချမ်း) – လက်ဝှေ့ပွဲတွေ အခုအချိန်ထိ ထိုးနေတုန်းပဲ၊ ကြိုကြားကြိုကြားထိုးနေတုန်းပဲလို့ ကြားတယ်ခင်ဗျ။ ဟုတ်လား။
(ထွန်း) – ဟုတ်ပါတယ်။ ကစားပါတယ်။ ဘယ်လိုပြောမလဲ ကိုယ့်နဲ့အတန်းတူတွေနဲ့ပြိုင်ရတဲ့ ဝါသနာရှင်တွေကတောင်းဆိုတဲ့ ကြည့်ချင်ပွဲမျိုးတွေလည်း ယှဥ်ပြိုင်ကစားပါတယ်။
(ချမ်း) – သက်ကြီးတန်းတွေပေါ့။ သက်ကြီးတန်းတွေရဲ့ သရုပ်ပြပွဲလား။
(ထွန်း) – တကယ်တမ်းကစားတဲ့ပွဲတွေလည်း ရှိသလို သရုပ်ပြပွဲတွေလည်း ရှိတယ်။
(ချမ်း) – တကယ်တမ်းကစားတဲ့ပွဲဆိုတာ အခု ဒီအသက်အရွယ်ထိ တကယ်တမ်းကစားနေကြတုန်းပဲလား။
(ထွန်း) – ဝမ်ချိုင်းနဲ့ထိုးလိုက်သေးတယ် (ရယ်လျက်)။ မြဝတီ ချောင်းဆုံမှာထိုးလိုက်သေးတယ်။
(ချမ်း) – အသက်တော်တော်ကွာတယ်နော်။
(ထွန်း) – ကွာပါတယ်။ ဝမ်ချိုင်းနဲ့တော့ ကွာတယ်။
(ချမ်း) – အဲဒါ တကယ်ထိုးကြတုန်းပဲပေါ့။
(ထွန်း) – ထိုးတယ်။
(ချမ်း) – (ဒီအသက်နဲ့)ထိုးနိုင်သေးလား။
(ထွန်း) – ထိုးနိုင်တယ် (ရီလျက်)။ ဒါပေမယ့် (၅)ချီတော့မဟုတ်ဖူးပေါ့၊ (၂)ချီပွဲတွေပေါ့။ ပရိသတ်ရဲ့ ကြည့်ချင်၊ ဖျော်ဖြေတဲ့ပွဲတွေပေါ့။
(ချမ်း) – အဲဒီလို ဖျော်ဖြေတဲ့ပွဲကျတော့ စိတ်ထဲမှာ အနိုင်အရှုံးတွေ တွေးထားတုန်းပဲလား။ နိုင်ချင်တုန်းပဲလား။
(ထွန်း) – ကျွန်တော်ကတော့ ပရိသတ်ကိုဖျော်ဖြေတဲ့ပွဲဆိုတော့၊ ဝမ်ချိုင်းကိုလည်း သူကကျန်းမာရေးကလည်းသိပ်မကောင်းတော့ နိုင်ချင်စိတ်နဲ့မထိုးပါဘူး။ ပရိသတ်တွေက ကြည့်ချင်တဲ့ ပွဲမျိုးနဲ့ သူတင်ကိုယ်တင်ကစားတဲ့ပွဲမျိုးပါပဲ။
(ချမ်း) – တလောကလည်း ကိုလုံးချောနဲ့ထိုးလိုက်သေးတယ်နော်။
(ထွန်း) – ဟုတ်တယ်။ မနှစ်က လုံးချောနဲ့ တစ်ပွဲထိုးတယ်။ အမှန်ကတော့ ပရိသတ်က အလှကြည့်ချင်ပွဲပေါ့။ ဒါပေမယ့် စင်ပေါ်ရောက်သွားတော့ အလှတွေလည်းအကုန်လုံးပျောက်ကုန်တယ် သူချကိုယ်ချ ချကြတာပဲ (ရီလျက်)။
(ချမ်း) – ဆိုတော့ ငယ်ဘဝလေးပေါ့နော်၊ စပြီးတော့ ဆရာ့ရဲ့လက်ဝှေ့ဖြတ်သန်းမှုပေါ့နော်၊
ကျွန်တော်တို့ အရမ်းလေးစားအားကျခဲ့ရတဲ့ ကျွန်တော်တို့ငယ်ဘဝတည်းက သထုံရွှေဝါထွန်း ဆိုတဲ့နာမည်က တတိုင်းပြည်လုံးမှာ ဟိန်းနေတာပဲ၊ ဟီးနေတာပဲ၊ အားလုံးသိကြတယ်။ ကျွန်တော်တို့ ကလေးပေါက်စလေးတွေတောင်မှ သိတယ်။ ကျွန်တော်တို့ မိဘတွေ အဖေတွေ အမေတွေဆိုလည်း သထုံရွှေဝါထွန်းဆို အရမ်းကြိုက်ကြတယ်။ ဒီနေ့ခေတ်ဆိုရင် လူတွေက စိုးလင်းဦးကိုအရမ်းချစ်ကြတယ်ပေါ့လေ။ စိုးလင်းဦးရှေ့မှာဆို ကိုတွေ့မရှောင်၊ တတိုင်းပြည်လုံးချစ်ကြတယ်။ အဲဒီအရှေ့မှာလည်း ရှိကြပါတယ်၊ ကိုလုံးချောတို့ပေါ့။
ဒါပေမယ့်၊ ကျွန်တော်တို့မှီသလောက် ကျွန်တော် နားလည်သလောက်ကတော့ ဒီ သထုံရွှေဝါထွန်းဆိုတဲ့ နာမည်က မြန်မာ့သမိုင်းမှာတော့ အကျော်ကြားဆုံးနာမည်လို့ ကျွန်တော်ထင်တယ်။ ပြီးတော့ တခါ၊ သထုံရွှေဝါထွန်းဟာ.. ဒါကတော့ officially ပေါ့နော် ကျွန်တော့်တဦးတည်းအမြင်မဟုတ်တော့ဘူး၊ ဘာလဲဆိုတော့.. မြန်မာပြည်ချန်ပီယံဘွဲ့ကို သက်တမ်းအရှည်ဆုံး အကြာဆုံး ထိန်းသိမ်းနိုင်ခဲ့တဲ့သူအဖြစ်၊ ဒါက တရားဝင် ဖြစ်ခဲ့တယ်။ ဆယ်စုနှစ်တခုလောက်ကြာခဲ့မယ်နဲ့တူတယ်နော်။
(ထွန်း) – ဟုတ်တယ်။ (၁၉၈၆)၊ (၂)လပိုင်းမှာ ချန်ပီယံဖြစ်တယ်ပေါ့။ (၂)လပိုင်း (၁၂)ရက်နေ့မှာ ပြည်ထောင်စုနေ့ပေါ့နော်၊ အဲဒီနေ့မှာ ကိုသမန်းကျားနဲ့ထိုးပြီးတော့ အမှတ်နဲ့နိုင်သွားတယ်၊ အဲဒီမှာ ချန်ပီယံဖြစ်ခဲ့တယ်။
(ချမ်း) – ချန်ပီယံဘွဲ့ကို ပြန်ပြီးလက်လွှတ်ဆုံးရှုံးရတာကကော။
(ထွန်း) – ချန်ပီယံဖြစ်ပြီးတော့ အဲဒီမှာ ထိန်းသိမ်းခဲ့တာပေါ့နော်။ ထိန်းသိမ်းခဲ့ပြီးတော့၊ (၁၉၉၆) ခု၊ (၅)လပိုင်း မေလ မေဒေးပွဲမှာ ရွှေဓူဝံ နဲ့ အနိုင်အရှုံးကစားပြီးတော့ ချန်ပီယံဆုကို ရွှေဓူဝံကိုလွှဲလိုက်တယ်ပေါ့။
(ချမ်း) – အဲဒီအကြောင်းတွေ ပြီးတော့ပြောတာပေါ့နော်။ အခု အရင်ဆုံးသိချင်တာက ဒီ ရိုးရာလက်ဝှေ့ကစားနည်း၊ ဘယ်သူ့ကြောင့် ရိုးရာလက်ဝှေ့ကစားဖြစ်တာလဲ။
(ထွန်း) – အဖေကိုယ်၌က ပီကင်းပြန်ဦးဖြူကြီးလေ။ အဖေက မောင်နှမ (၇)ယောက်ရှိတယ်၊ သား (၄)ယောက်ပါတယ်။ အစ်ကိုအကြီးဆုံးလည်း ကစားပါတယ်၊ အစ်ကိုအကြီးဆုံးကတော့ တင်အောင်ပေါ့။ သူကတော့ အရပ်ပုတယ်။ အရပ်ပုတော့ သူကတော့ တတိယတန်းလောက်နဲ့ပဲ ငြိမ်လိုက်တာပေါ့။ အရင်တုန်းကတော့ အောင်လံခေတ်ဆိုတော့ သူက တတိယတန်းလောက်ပဲ မှီတယ်လေ၊ သူ့အရပ်နဲ့ပေါ့။
(ချမ်း) – တတိယတန်းအောင်လံလောက်ပေါ့နော်၊ ဟုတ်ကဲ့။
(ထွန်း) – အဲဒီ တတိယတန်းအောင်လံတွေကို ကစားပြီးတော့၊ သူနဲ့ယှဥ်ပြိုင်ဘက်တွေက အပေါ်တန်းတက်သွားတော့ သူကရပ်လိုက်တယ်၊ အဲဒါမျိုးပေါ့။ ကျွန်တော်ကတော့ လယ်သမားပါပဲ၊ အဖေအမေတွေလည်း လယ်ပဲလုပ်တယ်လေ။ ကျွန်တော်လည်း လယ်လုပ်တာပဲ။ လယ်လုပ်ပြီးတော့ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ အဖေရဲ့ တပည့်တွေနဲ့ မန္တလေး ဆရာတော်ဦးဇောတိကရဲ့ ပျံတော်မူတဲ့ပွဲကို သွားတယ်။ အဲဒီမှာ အလံထိုးလိုက်တာပေါ့။
(ချမ်း) – အလံကျတော့ စတုတ္ထတန်းအလံပေါ့၊ အဲဒီလိုလား။
(ထွန်း) – ကျွန်တော်တို့ကျတော့ အထူးအလံ(၁)။ အလံတွေကတော့ အများကြီးပဲ။ အထူးအလံ နှစ်လံပေးတယ်။ အထူးနောက်ပြီးမှ သူက စတုတ္ထတန်းဘာညာပေါ့။ အဲဒီမှာ ထိုးတယ်၊ (၈)ယောက်ပေါ့၊ (၈)ယောက်အောင်လံမှာ အနိုင်ရခဲ့တယ်။
(ချမ်း) – လူ(၈)ယောက်က အောင်လံတခုကိုလုတဲ့ပွဲပေါ့နော်၊ အဲဒီမှာ အနိုင်ရခဲ့တယ်၊ အောင်လံရခဲ့တယ်။ လက်ဝှေ့ပိုးက အဲဒီမှာ စဝင်တာပေါ့၊ အဲဒီလိုလား။
(ထွန်း) – အဲဒီမှာအောင်လံရဖူးတယ်၊ ပြောရမယ်ဆိုရင်တော့ ရိုးရာလက်ဝှေ့ကို Ring ကြိုးဝိုင်းစင်ပေါ်မှာ အဲဒီမှာမှ စထိုးဖူးတယ်။ အရင်ကတော့ မြေဝိုင်းပွဲလေးတွေ ကလေးဘဝမှာတော့ ကစားဖူးတာပေါ့။
(ချမ်း) – မြေဝိုင်းပွဲလေးတွေ ကစားတာကျတော့ ဒါ ပွဲအနေနဲ့ပဲလုပ်တာပဲလား။
(ထွန်း) – မဟုတ်ဘူး။ ရွာပွဲ၊ ဘုရားပွဲတွေပေါ့။ ဝါသနာရှိတဲ့လူတွေက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လက်ဝှေ့သမားတွေ ထိုးကြတာပေါ့။
(ချမ်း) – ဟုတ်ကဲ့၊ ဟိုတုန်းက မြေဝိုင်းထိုးကြတယ်နော်၊ အဲဒီကနေပြီးတော့ Ring ကြိုးဝိုင်းစင်ပေါ်ရောက်တာကတော့ မန္တလေးမှာ စတာပေါ့နော်။
(ထွန်း) – အင်း၊ မန္တလေး ဆရာတော်ဦးဇောတိကရဲ့ ပျံတော်မူတဲ့ပွဲမှာပေါ့၊ ဈာပနပွဲတော်မှာ ပထမဆုံး Ring ကြိုးဝိုင်းစင်ပေါ်မှာ တက်ထိုးဖူးတာပါ။ တက်ထိုးတဲ့ပွဲမှာလည်း အောင်လံရခဲ့တာပေါ့။ ရတော့ အဲဒီမှာ လက်ဝှေ့ပိုး ဝင်သွားတာပေါ့ဗျာ။
(ချမ်း) – မှတ်မိလားတော့မသိဘူး၊ အဲဒီအောင်လံပွဲမှာ ဆုကြေးတွေဘာတွေပါလား။ ဘယ်လောက်ရခဲ့သလဲ။
(ထွန်း) – ကျွန်တော်တို့ခေတ်မှာတုန်းက အဲဒီ အထူးအောင်လံ(၁) က (၇၀၀)ပဲ။ (၇၀၀)နဲ့ အဲဒီက အမှတ်တက်ဆု နဲ့ဆိုရင်တော့ အကုန်လုံး ကိုးရာနဲ့ခုနစ်ဆယ့်ငါးကျပ်ရတယ်။
(ချမ်း) – (၁၀၀၀)နီးပါးရတာပေါ့နော်။
(ထွန်း) – ကျွန်တော်တို့ခေတ်တုန်းကဆိုရင်တော့ စပါးနဲ့ပြန်တွက်မယ်ဆိုရင်တော့၊ ကျွန်တော်က လယ်သမားသားသမီးကိုး၊ စပါးနဲ့တွက်တဲ့အခါကျတော့ စပါးတစ်ရာမှ အမာဆိုရင် (၁၈၀)ပဲ ရှိတယ်။
(ချမ်း) – စပါးတစ်ရာ ဆိုတာက၊
(ထွန်း) – တင်းတစ်ရာ။
(ချမ်း) – စပါးတင်းတစ်ရာကိုမှ (၁၈၀)ပဲရှိတယ်နော်။
(ထွန်း) – (၁၈၀)ပဲပေါက်တယ်။
(ချမ်း) – အဲဒါဆို အဲဒီတုန်းက တော်တော်ရတာပေါ့နော်။
(ထွန်း) – အဲဒီတုန်းကဆိုတော့ ကျွန်တော်တို့က အဲဒါနဲ့ပြန် နှိုင်းယှဥ်လိုက်တာပေါ့၊ နှိုင်းယှဥ်လိုက်တော့ ပြိုင်ပွဲတပွဲထိုးရင် အနည်းဆုံး စပါးသုံးရာလောက် ဝယ်လို့ရတဲ့ပမာဏ။ ဒီတော့ ဒီလယ် ဘာလုပ်ဖို့လုပ်စရာလိုလဲပေါ့ (ရီလျက်)၊ လက်ဝှေ့ထိုးဖြစ်သွားတာပေါ့။
အဲဒီကပြန်လာပြီးတော့ မိဘနှစ်ပါးကိုပြောတယ်လေ၊ ကျွန်တော် လက်ဝှေ့ပဲထိုးတော့မယ်၊ ကျွန်တော် လယ်မလုပ်တော့ဘူးလို့။ လယ်လုပ်တာလည်း တမျိုးလုံးမှ စပါးလေး ရမယ်ဆိုရင် (၅၀)လောက်ရတာလို့၊ ဒီမှာဆို တပွဲထိုးရင် ဒီလောက်အတိုင်းအတာအထိရတာလို့။ အဲဒီကနေပြီးတော့ အားကစားပစ္စည်းတွေ ဝယ်တာပေါ့၊ တပွဲချင်း တပွဲချင်း ဝယ်ရင်းစုရင်း ဝယ်ရင်းစုရင်းနဲ့။ ဦးတို့ခေတ်တုန်းကတော့ ဒီ လက်ဝှေ့ ကီးအိတ်တွေပေါ့ဗျာ ဝယ်ရခက်တယ်၊ ဝယ်လို့မရဘူး။
စစ်တပ်မှာ မိတ်ဆွေအပေါင်းအသင်းတွေ ရှာပြီးတော့၊ အဖေ့ရဲ့သူငယ်ချင်းတွေရှိတယ်လေ၊ သူတို့ဆီကို စစ်တပ်ကနေပြီးတော့ ကီးဘောက်ဆာအိတ်တွေပေါ့၊
(ချမ်း) – ဘောက်ဆင်ထိုးတဲ့အိတ်နော်။
(ထွန်း) – ကီးအိတ်ပေါ့၊ သဲအိတ်ပေါ့။ အဲဒီတုန်းကတော့ ဈေးပေါပါတယ်၊ အိတ်တလုံးမှ နှစ်ဆယ်နဲ့သုံးကျပ်ပဲရှိတယ်။ အဲဒီ နှစ်ဆယ့်သုံးကျပ်က ကျွန်တော်တို့ရိုးရာလက်ဝှေ့သမားတွေက လူတိုင်း မဝယ်နိုင်ဘူး။ ကျွန်တော်ကဝယ်ပြီးပြီဆိုရင် ကျွန်တော်နဲ့ပတ်သက်တဲ့အပေါင်းအသင်းတွေက လာကစားကြတာပေါ့။
(ချမ်း) – အဲဒါ ဘယ်နှစ်ခုနှစ်လောက်ဖြစ်မလဲ၊ ဦး။ (၁၉၈၁/၈၂)ပေါ့နော်။
(ထွန်း) – (၁၉၇၉) ခု။
(ချမ်း) – အော်၊ (၁၉၇၉)မှာ၊ မန္တလေးမှာ စပြီးတော့ ကစားတယ်ပေါ့။ အဲဒီတော့ လက်ဝှေ့ပိုးက ဝင်လာပြီဆိုတော့ Ring ကြိုးဝိုင်းစင်ပွဲတွေလည်း စထိုးပြီပေါ့၊ အငယ်တန်းပွဲတွေပေါ့နော်။ အသက်က ဦး အဲဒီမှာ ဘယ်လောက်လောက် ရှိပြီလဲ။
(ထွန်း) – အဲဒီမှာ ဦး အသက်က အများဆုံးရှိရင် (၁၅/၁၆) ပေါ့နော်၊ ဒီလောက်ပဲရှိပါတယ်။
(ချမ်း) – အဲဒီလိုလိုက်ထိုးတဲ့အချိန်ကျတော့ ဒါ စတုတ္ထတန်းလို့ ပြောလို့ရလား။ စတုတ္ထတန်းအလံလား။
(ထွန်း) – စတုတ္ထတန်းရယ်လို့တော့ မရောက်သေးဘူး။ ပဉ္စမအလံတခုရှိသေးတယ်။ အရင်တုန်းကလက်ဝှေ့တွေက သူတို့က စတာကတော့ စတုတ္ထတန်းကစတာများတယ်၊ ဒါပေမယ့် ပြိုင်ပွဲရက်တွေက များတဲ့အခါကျတော့ သူက အဲဒီလိုမျိုးပေါ့..
(ချမ်း) – အဲဒီ စတုတ္ထတန်းကို ရောက်ဖို့အတွက်ဆိုရင် အောက်ခြေမှာပွဲတွေအများကြီးကစားရတာပေါ့နော်။
(ထွန်း) – ကစားတော့ ကစားရပါတယ်။ ဒါပေမယ့် ပဉ္စမအောင်လံကို ကစားတာပေါ့။ ပဉ္စမအောင်လံရပြီးမှ စတုတ္ထတန်းကို တက်ရတာ။ အဲဒီတုန်းက အလံခေတ်ကိုး။
(ချမ်း) – ဆိုတော့ အဲဒီအချိန်တွေက မွန်ပြည်နယ် ကရင်ပြည်နယ် မှာပဲ လိုက်ထိုးနေတာပေါ့နော်။
(ထွန်း) – အဓိကကတော့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ပဲ ထိုးတာများတယ်။
(ချမ်း) – ရန်ကုန်ကိုမရောက်သေးဘူးပေါ့။
(ထွန်း) – မရောက်သေးဘူး။
(ချမ်း) – မန္တလေးကတော့ ဟိုးအစမှာ တပွဲထိုးပြီးတော့..
(ထွန်း) – မန္တလေးကတော့ အဲဒီမှာတပွဲထိုးပြီးတော့ နောက်ပိုင်းတော့ မသွားဖြစ်တော့ဘူး။
(ထွန်း) – မန္တလေးကတော့ အဲဒီမှာတပွဲထိုးပြီးတော့ နောက်ပိုင်းတော့ မသွားဖြစ်တော့ဘူး။
(ထွန်း) – လေ့ကျင့်တာ အဖေကတော့ အနားမှာပေါ့။ သဲအိတ်ထိုးရင်တော့ သင်ပေး ပြောပေးဆိုပေးတာပေါ့။ ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ကစားတယ်၊ ဦးက မိဘတွေလည်း နည်းနည်းအဆင်ပြေတဲ့အခါကျတော့ သဲအိတ်၊ လက်အိတ်တွေဘာတွေ ဝယ်တယ်၊ ခုန်ကြိုးတွေ စပရိန်တွေ အစုံပေါ့၊ မျိုးစုံပေါ့ဗျာ၊ ကစားမယ့်ပစ္စည်းတွေအကုန်ဝယ်တယ်ပေါ့။
(ချမ်း) – ကလပ်အသင်းတွေဘာတွေ မရှိဘူးပေါ့။
(ထွန်း) – အဲဒီအချိန်ကတော့ ကလပ်မရှိဘူး။
(ချမ်း) – မရှိတော့၊ ပွဲတွေဘာတွေ စီစဥ်တဲ့အခါကျရင် ဘယ်လိုစီစဥ်သလဲ။
(ထွန်း) – အရင်တုန်းက၊ ဥပမာပေါ့ ဘားအံမှာ ပွဲလုပ်မယ်ဆိုရင်၊ ဘားအံကကန်ထရိုက်ကနေပြီးတော့ သထုံမြို့က ဆရာတယောက်ကိုဖိတ်လိုက်တာပေါ့။ အဖေက နာမည်ရှိတယ်လေ။ အဖေကလည်း ပီကင်းပြန်ဦးဖြူကြီးဆိုတော့၊ အဖေ့ကို သူတို့ချိတ်လိုက်တာပေါ့။ သထုံမြို့မှာရှိတဲ့ လက်ဝှေ့သမားတွေ ခေါ်ခဲ့ပေါ့၊ ကရင်ပြည်နယ် ဘယ်နေ့ဘယ်ရက်မှာ ပွဲရှိတယ်ဆိုတာကို။ အဖေက ဒီက အုပ်စုနဲ့သွားကြတယ်။
(ချမ်း) – ဦးက လက်ဝှေ့မျိုးရိုးတော့ရှိတာပေါ့နော်။
(ထွန်း) – ဟုတ်ပါတယ်၊ ရှိတယ်။ အဖေဘက်ကဆိုရင် အမျိုးတွေက လက်ဝှေ့သမားတွေများတယ်။
(ချမ်း) – ဆိုတော့ အဲဒီလိုနဲ့ ဦး သထုံရွှေဝါထွန်းဆိုတဲ့နာမည် ဘယ်လိုဖြစ်လာသလဲဆိုတာ ပရိသတ်တွေကို ပြောပေးပါဦး။
(ထွန်း) – ကျွန်တော် မန္တလေးမှာ အောင်လံ စထိုးတော့၊ အဲဒီမှာ ကျွန်တော့်အောင်လံတွဲပြီးသွားတော့ နာမည်မေးတဲ့အခါကျတော့၊ ကျွန်တော်ကလည်း ရုတ်တရက် ဘာထည့်လို့ထည့်ရမှန်းမသိဘူးဆိုတော့၊ ကျွန်တော်က လယ်သမားဆိုတော့လည်း ရွှေဝါထွန်းဆိုပြီးထည့်လိုက်ဆိုပြီး။ အဲဒီမှာ ရွှေဝါထွန်း ဖြစ်သွားတယ်။ အဲဒီမှာ ရွှေဝါထွန်းနာမည်နဲ့ ကျွန်တော်ကစားတော့ နိုင်သွားတယ်ပေါ့ဗျာ။ နိုင်သွားတော့ အဲဒီနာမည် အတည်ဖြစ်ပြီးတော့ ဘဝတခုလုံး အောင်မြင်မှုရတဲ့ ဒီနာမည်နဲ့ပဲဆက်ကစားမယ်ဆိုပြီး သန္ဓိဋ္ဌာန်ချလိုက်တာပေါ့။
(ချမ်း) – ဟုတ်ကဲ့၊ နာမည်လေးကအကျိုးပေးတယ်ပေါ့။ ကိုယ့်နာမည်ကို တိုင်းပြည်ကနေပြီးတော့ လက်ဝှေ့ပရိသတ်တွေ ဥပမာ ရန်ကုန်ပရိသတ်တွေပေါ့ စပြီးတော့ သိလာတယ်ဆိုတဲ့အချိန်က ဘယ်အချိန်လောက်ဖြစ်မလဲ၊ ဦး။
(ထွန်း) – ကျွန်တော် ပထမ အဲဒီအောင်လံတွေရပြီးတော့ နယ်တွေမှာထိုးတာများတယ်။ နယ်တွေထိုးတာများပြီးတော့ ဆရာဦးစိန်ကနေပြီးတော့ ရန်ကုန်မြို့တွင်ကစားဖို့ သူဖိတ်တယ်။ သူဖိတ်ရင်းနဲ့ သူ့တပည့်တယောက်နဲ့ ကမ္ဘာအေးဘုရားပွဲမှာတော့ ထိုးဖူးတယ်၊ ဒါပေမယ့် ခုနှစ်တော့ မမှတ်မိတော့ဘူး။ ကျွန်တော်နိုင်သွားတာပေါ့။ ဒါပေမယ့်လည်း အဲဒီအချိန်ထိ ကျွန်တော်က မပေါက်သေးဘူး။ နောက် ကျွန်တော်က ဘောက်ဆင်ကစားလိုက်သေးတယ်လေ၊ (၁၉၈၅)လောက်မှာ။ ဘောက်ဆင်ကစားလိုက်တော့ အဲဒီမှာ နည်းနည်း နာမည်ကထွက်လာတယ်။ ထွက်လာပြီးတော့မှ ကျွန်တော်တို့ ဒီအောင်ဆန်းကွင်းပြေးလမ်းမှာ ဘားအံမောင်ရုံးနဲ့ ကျွန်တော့်ကိုပေးထိုးတယ်။
(ချမ်း) – ဘောက်ဆင်က English Boxing နော်။
(ထွန်း) – ဟုတ်ကဲ့။ English Boxing ကစားပြီးတော့ အဲဒီမှာ ရွှေရတယ်လေ။ ရွှေရတော့ နာမည်နည်းနည်းရလာတာပေါ့။
(ချမ်း) – ပြည်နယ်နဲ့တိုင်းပွဲပေါ့နော်။
(ထွန်း) – ဟုတ်တယ်၊ ပြည်နယ်နဲ့တိုင်းပွဲ။ ပရိသတ်တွေ တော်တော်များများ သိသွားတယ်။ သိသွားတော့ အဲဒီမှာ.. အောင်ဆန်းကွင်းပြေးလမ်းမှာ Ring ကြိုးဝိုင်းစင်လုပ်ပြီးတော့ ဘားအံမောင်ရုံးနဲ့ ကျွန်တော့်ကို ပေးထိုးတယ်။ ပေးထိုးတော့ အဲဒီမှာလည်း ပရိသတ်တွေက တော်တော်များများလာကြပါတယ်။ အောင်ဆန်းကွင်း အဲဒီ ဘောလုံးကွင်းတခုလုံးကို မပြည့်တပြည့်လောက်ပါပဲ၊ လာကြတာ။ အဲဒီကနေပြီးတော့ ရွှေဝါထွန်းဆိုပြီးတော့ ရန်ကုန်တမြို့လုံး ပျံ့သွားတာပေါ့။ နောက် ပြိုင်ပွဲတွေကစားရင်လည်း ကျွန်တော်က ပြတ်ပြတ်သားသား ကစားတာများတယ်။ သရေ နည်းတာပေါ့ဗျာ။ ရန်ကုန်ပရိသတ်တွေဆိုတာကလည်း သူတင်ကိုယ်တင်ဖိုက်ပြီး အနိုင်အရှုံးတွေသိရင် ရန်ကုန်ပရိသတ်က ပိုသဘောကျတယ်။ အဲဒါနဲ့ ပရိသတ်တွေရဲ့ အားပေးခြင်းကိုလည်း ခံရတာပေါ့။ နောက် ကျွန်တော်ကလည်း ဒီလိုကစားတဲ့အခါမှာ ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အရမ်းလိုချင်တယ်။ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးပေါ့၊ နီးနီးကပ်ကပ်ဖြစ်အောင်လို့လည်း ကိုယ့်ကိုယ်ကို ကြိုးစားတာပေါ့။
(ချမ်း) – အဲဒီအချိန်တွေတုန်းက ဦးတို့ထိုးတော့ ဘယ်နှစ်ချီထိုးကြတာလဲ။
(ထွန်း) – ဦးတို့ခေတ်မှာကတော့ (၁၅)ချီပေါ့။ (၃)မိနစ်ထိုး (၃)မိနစ်နား ပေါ့။
(ချမ်း) – (၃)မိနစ်ထိုး (၃)မိနစ်နား (၁၅)ချီ။ တပွဲ တပွဲတော့ အကြာကြီး ထိုးရမှာပေါ့နော်။
(ထွန်း) – အချီပြည့်ရင်တော့ ကြာတာပေါ့။ အချီမပြည့်ရင်တော့ မကြာဘူးပေါ့။ နောက် ဘယ်လိုလဲဆိုတော့ (၁၅)ချီ စနစ်ကျတော့ ကျွန်တော်တို့ ရိုးရာနဲ့ပဲ ထိုးတယ်လေ။ ဥပမာပေါ့.. ထောင့်မှာလဲတယ်ဆိုလို့ရှိရင် ကြိုးဝိုင်းဒိုင်က (၂)ယောက်၊ သူကအလယ်ကို ခေါ်လာမယ်၊ ပြန်တည်မယ်၊ ပြန်ထိုးပေါ့။ နောက် ကြိုးတန်းတွေဘာတွေ တဘက်လူက ကိုင်ပြီဆိုရင်လည်း ဒိုင်ကဖြေတယ်၊ ဖြေပြီးရင် အလယ် ပြန်ခေါ်တာပေါ့။ စနစ်သစ်နဲ့တော့မတူဘူးပေါ့။ စနစ်သစ်ကတော့ လဲထူ ထထိုးပေါ့။ ကျွန်တော်တို့ခေတ်မှာတော့ လဲထူ ထထိုးမဟုတ်ဘူး။ ဘယ်မှာလဲလဲ ဝိုင်းလယ်မှာ ပြန်တည်တာပေါ့။
(ချမ်း) – ဆိုတော့၊ ကျွန်တော်တို့ ဒီ ဦးမြန်မာပြည်ချန်ပီယံဖြစ်တဲ့အချိန်လေးပေါ့နော်၊ ဦးက မြန်မာပြည်ချန်ပီယံကို ဦးသမန်းကျား..၊ ဦးသမန်းကျားကိုယ်တိုင်ကလည်း ရိုးရာလက်ဝှေ့မှာဆိုရင် တကယ့်ဂန္ထဝင်လက်ဝှေ့ကစားသမားတဦးပေါ့နော်။ ဦးသမန်းကျားက အရမ်းလည်းကောင်းတယ်။ ဦးသမန်းကျားကို ဦးရဲ့ရှေ့မှာ ဒီ ရန်ကုန်အောင်ဒင်..။
(ထွန်း) – ကိုသမန်းကျားကို ကစားဖို့အတွက်ကျတော့ ကျွန်တော် အများကြီး အချိန်ယူရတယ်လေ။ အများကြီးအချိန်ယူတဲ့အထဲမှာပေါ့.. ကိုသမန်းကျား ကစားခဲ့တဲ့ လက်ဝှေ့သမားတွေက ဘယ်သူ့ကို ဘယ်နှစ်ချီနဲ့ပြတ်ခဲ့လဲ ဘယ်သူ့ကိုဘယ်နှစ်ချီနဲ့ သူအလဲထိုးနိုင်တာပေါ့.. ကျွန်တော်ကအဲဒါတွေကို လေ့လာတယ်၊ ကြည့်လည်းကြည့်ဖြစ်တယ်။ အဲဒါနဲ့ ကျွန်တော်က အဲဒီလူတွေ ပြန်ကစားတော့၊ ကိုသမန်းကျား (၇)ချီလောက်နဲ့ထိုးပြီး ဖြတ်တဲ့လူကို ကျွန်တော်က (၄)ချီလောက် ဖြတ်တယ်ဆို ဒါက လက်ရည်မှီတာပေါ့နော်။ နောက် ကိုသမန်းကျားက (၁၀)ချီလောက်ထိုးပြီး နိုင်တဲ့ကလေးဆိုရင် ကျွန်တော် ပြန်ထိုးရင် (၃)ချီလောက်နဲ့ပြတ်တာရှိတယ် (၄)ချီလောက်နဲ့ပြတ်တာလည်းရှိတယ်။ ဆန်ထိုးတာပေါ့။ ဆန်ထိုးပြီးတော့ ဒီလောက်ဆိုရင်တော့ သမန်းကျားကိုကစားလို့ရပြီပေါ့။
ဒါပေမယ့် ကျွန်တော့်ရဲ့အားပေးတဲ့ပရိသတ်တွေက မင်း ဘောက်ဆင်ထိုးလိုက်ဦးတဲ့။ မင်း သမန်းကျားကိုမထိုးနဲ့ဦးတဲ့။ နည်းစနစ်လေးဘာလေးရအောင်တဲ့။ ကျွန်တော်က ဘောက်ဆင်ကို သိပ် အားမပြုဘူး။ ဘာလို့လဲဆိုတော့ ဘောက်ဆင်က လက်အိတ်စွပ်ရတာ အားမရဘူး၊ ထိုးရတာ။ ဆရာစကားကို နားထောင်ပြီးတော့ပေါ့ ကျွန်တော် ဘောက်ဆင်ထဲကိုဝင်လိုက်ခဲ့တယ်။
(ချမ်း) – ဘောက်ဆင်ထဲကို ဝင်လိုက်တာက ဦးသမန်းကျားဆီက ချန်ပီယံဆုကို အရယူဖို့အတွက်၊ ဒီဘောက်ဆင်ကိုသွားပြီးကစားလိုက်တာပေါ့၊ (၂)နှစ်ကစားခဲ့တာပေါ့နော်။
(ထွန်း) – ဟုတ်တယ်။ သမန်းကျားကို ကစားဖို့အတွက်ပဲ။
(ချမ်း) – ကစားခဲ့တော့၊ ကျွန်တော်အဲဒါလေးတချက်မေးချင်လို့၊ ရန်ကုန်အောင်ဒင်..၊ ဦးသမန်းကျားက..၊ နောက်တော့ သထုံဘနှစ်..။
(ထွန်း) – ကိုအောင်ဒင်နဲ့လည်းထိုးဖူးတယ်။ ကစားဖူးတယ်။ ကျွန်တော်ပြောပြမယ်၊ ကိုဘနှစ်ကစားဖူးတယ်၊ ကျွန်တော်တို့သထုံသားပဲ။ ကိုမိုးကြိုးနဲ့လည်းကစားဖူးတယ်။ နောက် ကိုဝင်းနိုင်နဲ့ကစားဖူးတယ်၊ ထားဝယ်ဝင်းနိုင်။ ရန်ကုန်ဝင်းနိုင်စိန်နဲ့လည်း ထိုးဖူးတယ်၊ ကိုအောင်ဒင်နဲ့ထိုးဖူးတယ်။ သမိန်ဗရမ်းနဲ့ထိုးဖူးတယ်၊ ချစ်ကိုနဲ့ထိုးဖူးတယ်။ ဒါတွေက ပထမတန်းလက်ဝှေ့ကျော်တွေပေါ့။ အဲဒီအချိန်မှာ သူတို့တွေက ယှဥ်ပြိုင်လို့ ကောင်းတဲ့အရွယ်တွေပေါ့။ ကျွန်တော်နဲ့စာရင်တော့ သူတို့က နည်းနည်းအသက်ကြီးတာပေါ့၊ ကျွန်တော်ကတော့ အသက်နည်းနည်းငယ်တာပေါ့။ (၇)နှစ်လောက် ကွာမှာပေါ့။
(ချမ်း) – တက်လူပေါ့နော်။ အဲဒီတော့ သူတို့တွေနဲ့ ဒီ အကဲစမ်းပြီးတဲ့အချိန်မှာ ဦးသမန်းကျားကို ကပ်လို့ရပြီဆိုတဲ့စိတ်နဲ့ စပြီးစိန်ခေါ်တာပေါ့၊ စိန်ခေါ်ပွဲပေါ့နော်။
(ထွန်း) – ဒီတော့ သူတို့ကို ကစားပြီးတော့ နိုင်သွားတော့၊ ကျွန်တော်ကတော့ သမန်းကျားကို ကစားလို့နိုင်ပြီပေါ့။ ဒါပေမယ့် ကျွန်တော်ကို အားပေးတဲ့ဆရာတယောက်ရှိတယ်လေ၊ သူကနေပြီးတော့ မင်း ဘောက်ဆင်ကစားလိုက်ဦးတဲ့။ နည်းစနစ်လေးဘာလေး ရအောင် ဘာညာဆိုပြီး သူကပြောတယ်။ ကျွန်တော်က ဘောက်ဆင်က လက်အိတ်နဲ့ကစားရတော့ စိတ်မပါဘူး။ အဲဒါက မဟုတ်ဘူးတဲ့၊ မင်း ကစားတဲ့၊ နည်းစနစ် ရမယ်တဲ့။ ကျွန်တော်က လက်ဝှေ့၊ ရိုးရာကိုကျတော့ နည်းစနစ်ဆိုတာကို မသိဘူးလေ၊ ကျွန်တော်တို့ကတော့ လေ့ကျင့်မယ်၊ ထရိန်နင်ကောင်းမယ်၊ ကိုယ့်ကိုယ်ကိုနေထိုင်မှုကောင်းရမယ်၊ ဒါဆိုရင်တော့ သမန်းကျားတော့ ရပြီပေါ့။ သူက လက်မခံဘူး၊ ဆရာက။ အဲဒါကြောင့် ဘောက်ဆင်ဘက်ကို ကူးလိုက်တယ်။
(ချမ်း) – ပိုပြီးတော့ နည်းစနစ်တွေ ကောင်းလာအောင်ပေါ့နော်။
(ထွန်း) – ကျွန်တော် ဘောက်ဆင် စကစားတော့ မြို့နယ်အဆင့် ကစားတာပေါ့၊ မြို့နယ်မှာ ရွှေရတာပေါ့။ မြို့နယ်ပြီးတော့ ပြည်နယ်ကစားတယ်၊ ပြည်နယ်မှာ ရွှေရတာပေါ့။ (၁၉၈၅)ခုထဲမှာပဲ။ ရွှေရပြီးတော့ သမန်းကျားနဲ့ (၁၉၈၅) မှာ ထိုးဖို့က မထိုးဖြစ်လိုက်ဘူး။ သမန်းကျား ကျန်းမာရေးမကောင်းတော့ (၁၉၈၆)ကို ကူးသွားတယ်။ (၁၉၈၆)ခုနှစ် (၂)လပိုင်း ပြည်ထောင်စုနေ့ပေါ့။
(ချမ်း) – ဘယ်မှာထိုးကြတာလဲ။
(ထွန်း) – တောင်ငူမှာ။
(ချမ်း) – အဲဒီတောင်ငူမှာ ထိုးတဲ့ပွဲမှာ ဦးသမန်းကျားကို အမှတ်နဲ့နိုင်တယ်နော်။
(ထွန်း) – အမှတ်နဲ့နိုင်တယ်။
(ချမ်း) – အမှတ်နဲ့နိုင်ပြီးတော့ ဒါ မြန်မာပြည်ချန်ပီယံ စပြီးတော့ ဖြစ်လာခဲ့တာပေါ့နော်။
(ထွန်း) – ချန်ပီယံ စရတာပေါ့။
(ချမ်း) – ဆိုတော့ ဒီဟာကတော့ ဒါ ဆရာကြီး ဦးရွှေဝါထွန်းနဲ့ ဒီ မြန်မာပြည်ချန်ပီယံဖြစ်လာတဲ့ အကြောင်းအရာပေါ့နော်၊ ဒါနဲ့ပတ်သတ်ပြီးတော့မေးထားတာပါ။ ကျွန်တော်တို့ နောက်ထပ်လည်း ဆရာကြီးဦးရွှေဝါထွန်းရဲ့ ဖြတ်သန်းမှုတွေကို နောက်တပိုင်းဆက်ပြီးတော့ တင်ဆက်ပေးသွားပါမယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။