စာဖတ်သူများအတွက် အရေးကြီးသော မှတ်ချက်
အောက်ပါ စာသားမှတ်တမ်းသည် ဆရာသမန်းကျားနှင့် ပြုလုပ်ခဲ့သော အင်တာဗျူးဗီဒီယိုမှ စကားပြောမှတ်တမ်းကို ဖတ်စာအဖြစ်ပြောင်းလဲ ရေးသားထားခြင်း ဖြစ်ပါသည်။ သူသည် မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်း ချန်ပီယံအဖြစ် အသိအမှတ်ပြုခံရသော သမိုင်းဝင် ဒုတိယမြောက် လက်ဝှေ့ကစားသမား ဖြစ်သည်။ ဤအင်တာဗျူးကို ဆရာသမန်းကျား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မကွယ်လွန်မီက ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အောက်ပါစာသားမှတ်တမ်းကို ဝါရင့်ရိုးရာလက်ဝှေ့ကစားသမားတစ်ဦး၏ နှုတ်ရာဇဝင်သမိုင်းကို မှတ်တမ်းတင်ထားသော ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တစ်ခုအနေဖြင့်သာ တင်ဆက်ထားခြင်း ဖြစ်ပါသည်။
အင်တာဗျူးဖြေဆိုသူ မျှဝေထားသော အချက်အလက်များတွင် ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများ၊ ပြန်လည်အမှတ်ရမှုများနှင့် ကိုယ်ပိုင်အမြင်များ ပါဝင်ပြီး သမိုင်းဝင် သို့မဟုတ် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများနှင့် သီးခြား တိုက်ဆိုင်စစ်ဆေး အတည်ပြုထားခြင်း မရှိပါ။
ဤအကြောင်းအရာများမှာ သူဖြေကြားခဲ့သည့် အဖြေများဖြစ်ပြီး၊ သူ၏ဘဝမှတ်တမ်းကို သူ့စိတ်တိုင်းကျ ဖော်ထုတ်ခြင်း ဖြစ်ပါသည်။
ဤစာသားမှတ်တမ်းတွင် ပါဝင်သော အချက်အလက်များအတွက် Lethwei World တွင် တာဝန်မရှိပါ။ စာဖတ်ရှုသူများအနေဖြင့် ဤပြောကြားချက်များတွင် နှုတ်ရာဇဝင်များတွင် တွေ့ရလေ့ရှိသည့် အလွန်အကျွံဖော်ပြမှုများ သို့မဟုတ် မှတ်ဉာဏ်ကွဲလွဲမှုများ ပါဝင်နိုင်ကြောင်း၊ ထို့ပြင် ၎င်းတို့သည် ပြောဆိုသူ၏ သီးခြားယဉ်ကျေးမှု၊ ဘာသာရေးနှင့် သမိုင်းနောက်ခံအခြေအနေများအပေါ် အခြေခံထားသော ရှုမြင်သုံးသပ်ချက်များဖြစ်ကြောင်း သတိပြုသင့်ပါသည်။
စာသားမှတ်တမ်းတွင် ပြောဆိုသူများ၏ မူရင်းပြောဆိုချက်များကို ထိန်းသိမ်းရန် ကြိုးပမ်းထားပြီး ရှင်းလင်းမှုရှိစေရန်နှင့် ဖတ်ရှုရလွယ်ကူစေရန်အတွက် အသေးစားပြင်ဆင်တည်းဖြတ်မှုများ ပြုလုပ်ထားပါသည်။
ဤအင်တာဗျူးနှင့် မူရင်းဗီဒီယိုအတွက် UK Matchday နှင့် အင်တာဗျူးသူ ဆရာ နန္ဒဝန်ငြိမ်းချမ်း တို့အား ခရက်ဒစ်ပေးအပ်ပါသည်။
(ချမ်း) – အားလုံးပဲမင်္ဂလာပါ၊ UK Matchday Facebook နဲ့ Youtube ချန်နယ်က ကြိုဆိုပါတယ်။ပရိသတ်တွေအားလုံးလည်းမင်္ဂလာပါ။
အခုကျွန်တော် ဒါကတိုက်ကြီးမြို့နယ်ကို ရောက်နေတာပါ။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင်ကစားသမားကြီးဖြစ်တဲ့၊ မြန်မာပြည်ချန်ပီယံဟောင်းဖြစ်တဲ့၊ မြန်မာပြည်ချန်ပီယံတွေထဲမှာဆိုရင် သက်တမ်းအကြာဆုံး၊ ပြီးတော့ ဆရာကြီးမိုးကြိုး ပြီးတဲ့နောက်မှာ ဒုတိယမြောက် မြန်မာပြည်ချန်ပီယံဖြစ်ခဲ့တဲ့ အဘဦးသမန်းကျားပါ။ အသက် ၇၃နှစ်ရှိပါပြီ။
အဘနဲ့ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း အများကြီးတောင်းဆိုကြပြီးတော့ အဘနဲ့တွေ့ပေးပါ ဆိုတဲ့အခါကျတော့၊ အဘရဲ့နေရပ်လိပ်စာစုံစမ်းပြီးတော့ နောက်ဆုံးမှာတော့ အဆက်အသွယ်ရတယ်ပေါ့နော်။ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က လူကြီးတွေရဲ့ကောင်းမှုပေါ့လေ၊ ဦးချစ်ကိုတို့ အဘဦးဒေါင်းနီတို့ကနေတဆင့် ဦးသမန်းကျားဆီကို ကျွန်တော်တို့ရောက်လာပြီ။ ပရိသတ်တွေ သိလိုတဲ့ဟာတွေ၊ ကျွန်တော်တို့သိလိုတဲ့ဟာတွေကို မေးမြန်းသွားမှာ ဖြစ်ပါတယ်။
အဘ မင်္ဂလာပါခင်ဗျာ။
(ကျား) – မင်္ဂလာပါ။
(ချမ်း) – အဘဆီကို ရောက်ဖို့အတွက်ကို ကျွန်တော်တို့လိုက်ပြီးတော့စုံစမ်းရတာပေါ့နော်၊ စုံစမ်းတဲ့အခါကျတော့ အရင်ဆုံးတော့ အဘကကျန်းမာရေးသိပ်မကောင်းဘူးလို့ ထင်ထားတယ်ခင်ဗျ၊ ကျန်းမာရေးမကောင်းဘူးဆိုတဲ့အခါကျတော့ အင်တာဗျူးလုပ်လို့ဖြစ်ပါ့မလားလို့ ကျွန်တော်ကစဥ်းစားမိသေးတယ်။ စဥ်းစားမိပြီးတော့ နောက်ဆုံးတော့ အဘကို ဖုန်းဆက်ကြည့်လိုက်မယ်ဆိုပြီးတော့ ဖုန်းဆက်တဲ့အချိန်မှာ အဘကအရမ်းကို သန်သန်မာမာ၊ အသံကလည်း မာပြီးတော့ ပြုံးပြီးတော့၊ အဘက တော်တော်ကျန်းမာတာပဲလို့ ကျွန်တော်ထင်သွားတယ်ပေါ့နော်။ နောက်တော့မှ အဘရောဂါနဲ့ပတ်သက်ပြီး ပြောမှပဲ သိရတာပေါ့နော်။ ဆိုတော့ အဘရောဂါအခြေအနေလေး အရင်ပြောပြပေးပါဦး။
(ကျား) – အခုလက်ရှိ၊ ကျွန်တော်က ဆီးကျိတ်ကင်ဆာဖြစ်တယ်လို့မထင်(ခဲ့)ဘူး၊ တော်ရုံတန်ရုံရောဂါ ကျွန်တော်ဂရုမစိုက်(ခဲ့)ဘူး။ ဆေးဖောက်အထဲကိုထည့်တော့ အော်တယ်၊ ရပ်ကွက်တခုလုံးကြားအောင် အော်တယ်၊ တိုက်ကြီးမှာဆေးခန်းသွားတယ် ၂လ၊ မပျောက်ဘူး။ ဆရာဝန်ကိုမေးတယ်၊ “ခင်ဗျားတို့ကသမားတော်ကြီးပဲ၊ ကျွန်တော်သမန်းကျားလေ၊ ဒီဟာဘာဖြစ်လဲ ကျွန်တော့ကိုပြောပြပေးပါ။” ကင်ဆာကနေဆက်ပြီးတော့ ဆက်လက်ဆင့်ကမ်းတာပေါ့၊
အဲဒီကနေ ရန်ကုန်ရောက်တယ်၊ စစ်ဆေးလိုက်တော့ ဆီးကျိတ်ကင်ဆာဖြစ်တယ်တဲ့။ ဆီးပိုက်က သွင်းရရော၊ ဟ သွေးထွက်တာ ကျွန်တော်မခံနိုင်ဘူး၊ ဖြုတ်ချလိုက်ထားမိ(ခဲ့)တယ်၊ ကျွန်တော် သွားလိုက် ပြန်လိုက်နဲ့။ ဆေးထိုးတာတအားပဲ၊ ဆေးကအမျိုးမျိုးထိုးတယ်။ နောက်ဆုံး ဆီးကျိတ်ကင်ဆာ မေးကြည့်တာ “ဆရာ၊ ကျွန်တော်က ဘာကြောင့်လက္ခဏာမပြလဲ၊ သိချင်တယ်။” (ဆရာဝန်က) “ခင်ဗျားကဘာလုပ်လဲ လယ်လုပ်လား” ဆိုတော့ “လယ်မလုပ်ဘူး၊ ကျွန်တော်က သမန်းကျားလေ၊ လက်ဝှေ့ထိုးတယ်။” အဲဒီမှာ လှသွားပြီ၊ “သမန်းကျားက နာမည်ကျော်ပဲ သိတာပေါ့။” အဲဒီမှာ ဆရာဝန်ကပြောတယ်၊ “ခင်ဗျား ထိုးလိုက်ခဲ့တဲ့ဒဏ်ရာတွေက အထဲမှာ အကုန်လုံးဒဏ်ရ ခံစားရတယ်တဲ့။”
ကျွန်တော့ကို ကင်ဆာဆေးပေးတယ်။ ၉လရှိပြီစားရတာ။ တနေ့တလုံးပဲ ၉လစားရတယ်။ အဲဒါပြန်စစ်တော့ တရက်ကို ၃လုံးစားခိုင်းတယ်၊ အခု ၃လုံးစားရတာ ၂လရှိပြီ။
သူများတွေစားတာ ဆံပင်ကျွတ်တယ်၊ ပိန်တယ်၊ စားမဝင်ဘူး၊ ကျွန်တော်ကတော့ ဘာမှမဖြစ်ဘူး။ (ဘုရား)ကျေးဇူးတော်ပေါ့နော်။ ဒီနေ့ ကျွန်တော့အသက်တာမှာ ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်က ကျွန်တော့ကိုကွယ်ကာပေးလို့ စောင်မပေးလို့။ ကျွန်တော်က ယုံကြည်ပြီးတော့ “ကိုယ်တော်၊ ကျွန်တော့ကိုကယ်ပါ။” ကျွန်တော် တရားဟောတယ်၊ ပြောတယ်၊ ကျွန်တော့ကို လူတွေသဘောကျတယ်၊ ဆရာကြီးတွေက သဘောမကျဘူး၊ လူငယ်တွေက သဘောကျကြတယ်။ လူငယ်တွေကပြောတယ် “ဦးကျားပြော(ဟော)တာ ကျွန်မတို့ ကျွန်တော်တို့ခွန်အားသိပ်ရတယ်တဲ့။”
ကျွန်တော် ဆေးရုံတွေလည်း ရောက်တယ်။ ကျွန်တော် တစ်နှစ်ခွဲလောက်ကျော်ကျော် ငြိမ်နေခဲ့တာ။ ကျွန်တော် ဘုရားကျောင်းကို ရောက်တဲ့နေရာမှာလေ၊ ကျွန်တော့ကိုဦးစားပေးတယ်၊ သမန်းကျား အစအဆုံးဟောခွင့်ပေးတယ်။ ယနေ့ ကျွန်တော်တို့ အသက်တာပြန်ကြည့်ခြင်းအားဖြင့် ယနေ့ ကျွန်တော်ထိုးထားတဲ့လက်ဝှေ့ ဒီလောက်ပွဲပေါင်းများ ပြီးတော့ ရာကျော်တယ်နော် အဲဒီဒဏ်ရာတွေဟာ ထိတာပေါ့၊ ပြလိုက်တော့ ဆရာဝန်တွေလန့်သွားတာပေါ့။ ကျွန်တော် မာတယ်၊ သေချာကိုင်ကြည့်စမ်းပါ (မေးသူမှ ကိုင်ကြည့်သည်၊ ‘ဟုတ်ကဲ့ မာတာပေါ့၊ တင်းနေတာပဲ’) အရသာက တင်းနေတာ၊ အခုကဖျားလို့။
အဲဒီတုန်းက ဆရာဝန်ကို မေးတဲ့အချိန်မှာ ကျွန်တော် မကျေနပ်ဘူးပေါ့၊ “ဆရာလို့ ဆရာ ကျွန်တော့ကိုစိတ်မဆိုးနဲ့နော်”လို့၊ အဲဒီမှာ ကျွန်တော့မိန်းမပါတယ် လက်မှတ်ထိုးခိုင်းတော့ ကျွန်တော်မထိုးဘူး ကျွန်တော့မိန်းမကို ပေးထိုးတယ်။ “ဆရာ၊ ၁ခါပဲ သေရမယ်၊ ၂ခါမသေရဘူး။ ကျွန်တော် ကိုးကွယ်တဲ့ဘုရားက ခေါ်ရင်ထူးတယ် တောင်းရင် ပေးတယ်၊ သူ့အလိုမကျရင် စာကလေးငှက်တကောင်မှ မြေပေါ်မကျစေရဘူး၊ ကိုယ့်ဘာသာကပြောထားတယ်”။
ဆရာဝန်က သဘောပေါက်တယ် နားလည်ပါတယ်။ ပြောကြတော့ လက်ဝှေ့က ဒီလိုအနာအဆာရှိတာပေါ့ လို့ပြောကြတယ်၊ သွေးကို ထုတ်စစ်တာပေါ့။ သွေးတစ်ခါစစ်ရင် ၃သောင်းခွဲ၊ နောက်ပိုင်းက ၅သောင်းခွဲ။ ဆရာဝန်တွေ သမားတော်တွေ တယောက်ပြီးတယောက်ပြတော့ ပိုက်ဆံကုန်တာပေါ့။ ပြတယ်၊ တယောက်လာလိုက် ဓာတ်ပုံရိုက်လိုက်၊ ဟိုဟာလုပ်လိုက်၊ ကျွန်တော်က ဘာမှမပြောဘူး ခံတယ် ကျွန်တော်နဲ့ပတ်သက်တဲ့ဆရာသမားတွေ ကူညီကြတာပေါ့ လူမှုရေး။ ကျွန်တော်က မကုတော့ဘူးပြောတော့ “ဆရာကျား လုပ်ပါ ကုပါ ကျွန်တော်တို့အဖွဲ့အစည်းက အကုန်လုံးလုပ်ပေးမယ်” ပြောတယ်။ ဟာ ဝမ်းသာတာပေါ့။ ကျွန်တော့ကုန်ကျစားရိတ်တွေက ဟိုစက်အဖွဲ့က ၅သိန်း၊ ဟိုအဖွဲ့က ၅သိန်း၊ လက်ဝှေ့အဖွဲ့ကလည်း ကျွန်တော့ကိုပေးတယ်၊ ကျွန်တော်သွားတင်ပြတော့ ပေးတယ်ပေါ့၊ မတင်ပြတော့ မပေးဘူးပေါ့။ လက်ဝှေ့အဖွဲ့ကလည်း ရှင်းရှင်းပြောရင် ကျွန်တော့ကိုခင်တယ် မခင်ဘူးတော့ မသိဘူးပေါ့။ အမျိုးမျိုးရှိတယ် လူတွေကဒီလိုပါပဲ။ ကျွန်တော်က ဒဲ့ နေတာကိုး ဆရာရဲ့ ။ (—-) ဟို နောက်လိုက်လုပ် ကျွန်တော် နားမလည်ဘူး နားလည်အောင်လည်းမလုပ်တတ်ဘူး။
(ချမ်း) – အဘ၊ အဲဒါဆိုရင်လေ၊ ကျွန်တော်တို့ သိထားတဲ့သူက ရှိတယ်၊ အဘနဲ့ပြောမှ ချိတ်ဆက်မိတာ၊ အရင်တုန်းက အင်္ဂလိပ်ကိုလိုနီခေတ်က အရမ်းနာမည်ကြီးခဲ့တဲ့ အင်္ဂလိပ်ဘောက်ဆင်သမားတွေနဲ့ ထိုးခဲ့တဲ့ ဆရာကြီး ဦးရွှေဒင်းဂါး ရဲ့မျိုးဆက်လို့ သိရပါတယ်။ ဦးရွှေဒင်းဂါးက ကျွန်တော်သိသလောက်တော့ ကိုလိုနီခေတ် အင်္ဂလိပ်မှတ်တမ်းတွေမှာလည်း နာမည်ပါတယ်ခင်ဗျာ့။ သူက တွံတေးမြို့နယ်က။
(ကျား) – တွံတေးကနေ တကျွန်းပါသွားတယ်။
(ချမ်း) – သူက ထောင်ထဲမှာ တကျွန်းကျရင်းနဲ့ပေါ့။
(ကျား) – အင်း၊ ကျရင်းနဲ့။
(ချမ်း) – အဲဒါလေးပြောပြပေးပါဦး။
(ကျား) – ကျွန်တော့ကိုလည်း အဘွားကပြောပြလို့သိတာ။ မဟုတ်ရင် ကျွန်တော်ဘယ်သိမလဲ။ ကျွန်တော်မွေးတာ ကလေးပဲ၊ သူ(ဦးရွှေဒင်းဂါး)သေတာကြာပြီပဲဥစ္စာ။ ကျွန်တော့အဘွားက ပြောတယ်၊ “ငါ့မြေး တွံတေးမှာလေ လက်ဝှေ့သမားတွေထဲ နင့်အဘိုး မြေးတွေတပုံကြီးနော်”တဲ့။ ကျွန်တော် တွံတေးသွားတော့မှ ဒီလိုတွေပဲ ဒီလိုတွေပဲ တဆက်တဆက် အမျိုးတွေတွေ့တော့ အမျိုးတွေမှန်းသိကြတာပေါ့၊ သမန်းကျားမှန်း သိသွားတာပေါ့။
(ချမ်း) – အဘက ဒါဆို လက်ဝှေ့မျိုးရိုး ရှိခဲ့တာပေါ့။
(ကျား) – ရှိခဲ့တယ်၊ ဟုတ်တယ်။
(ချမ်း) – လက်ဝှေ့မျိုးရိုး ရှိခဲ့ရင်းနဲ့၊ တကယ်တမ်း လက်ဝှေ့လောကထဲကိုကျတော့..။ အဘက ရဲဝန်ထမ်းလုပ်ခဲ့သေးတယ်နော်။
(ကျား) – ဟုတ်တယ်၊ ရဲဝန်ထမ်းလုပ်ခဲ့သေးတယ်။
(ချမ်း) – ဘယ်လောက်လောက်ကြာလဲ အဘ။
(ကျား) – လေးငါးနှစ်လောက်ကြာမယ်ထင်တယ်။
(ချမ်း) – ပြီးတော့ ဆရာကြီး ဦးကျားဘညိမ်းနဲ့ တွေ့တာပေါ့နော်။ ဘယ်လို တွေ့ခဲ့တာလဲ ပြောပြပေးပါဦး။
(ကျား) – ကျွန်တော် လက်ဝှေ့ထိုးရင်းနဲ့ ရန်ကုန်မှာ မတောက်တခေါက်ထိုးခဲ့တာ၊ ပါးကွက်ကြီးနဲ့ လာခဲ့တာ။ ဆရာက “ဟာ ဒီ ကလေးက တော်တယ်ကွာ စွမ်းတယ် ငါတင်မယ် ငါမွေးထုတ်မယ်”။
ဒါ ကိုယ်ကလည်း ဝါသနာပါတော့ တော်တယ်။ အတိမ်းအရှောင်အတိမ်း အကုန်လုံးလုပ်တယ် အဆွဲ အကာ ကျွန်တော် အကုန်လုံးရတာပေါ့ ဝါသနာပါတာကိုး။ ထိုးတော့ ဒီလိုဒဲ့ထိုးတဲ့ဥစ္စာ (ကပ်ရှောင်ဟန်ပြ) ရွှီးဆို၊ ရိုက် (တံတောင်ရိုက်ပြ)။ သူ တအား အဲဒါ သဘောကျတယ်။ အတိမ်းအရှောင်လေးတိုင်း လုပ်တဲ့အခါမှာ သူ အားလုံးကျွန်တော့ကို တပည့် စိတ်ချ ယုံကြည်သွားတယ် သူ။ မိုးကြိုးနဲ့တည်တာ သူပေါ့၊ ကျွန်တော်မထိုးရဲဘူးလေ၊ လုံးဝမထိုးရဲဘူး၊ ကြောက်မှကြောက် ကျွန်တော်။
(ချမ်း) – မိုးကြိုးက အရမ်းသန်လား။
(ကျား) – သန်တာ လူကိုညှစ်တာ အိုး ပါသွားတာပဲ (—)။ အိုကေ မိုးကြိုးနဲ့ ကျွန်တော်ထိုးပြီ၊ ဘယ်မှာလဲဆိုတော့..။
(ချမ်း) – မိုးကြိုးက အဲဒီတုန်းက ပထမဆုံးမြန်မာပြည်ချန်ပီယံနော်။
(ကျား) – ချန်ပီယံ။ ဘယ်သူမှ သူ့ကို ထိုးမရဲဘူး။ လက်ဝှေ့သမားတွေသူ့အဆင့်တွေရှိကြတယ်။ မိုးကြိုးတော့မထိုးရဲဘူး၊ သမန်းကျားတော့ထိုးမယ်ကွတဲ့၊ ဟားဟား အဲဒီလိုမျိုးတွေ။ သူတို့ မိုးကြိုးကိုကြောက်တာကိုး။ မိုးကြိုးက ညှစ်လိုက်လို့ရှိရင်လည်း ဒီမေးနဲ့ အင့်ဆို (-မေးဆတ် ခေါင်းတိုက်ဟန်ပြလျက်-) ချတယ်။ ကျွန်တော်တို့က ညှစ်ရင် အင့်ဆို (—) ဘာမှလုပ်လို့မရဘူး။ အဲဒါလေးတွေ အမှတ်ရလို့ သဘောကျလို့ ပြောတာ။ ဟေ့ မင်းနော် သတိထားနော် ငါဆော်မယ်။ ရတယ်၊ လက်ဝှေ့သမားအချင်းချင်းပဲ၊ ရတယ်၊ ကိစ္စမရှိဘူး။ နောက်ကျတော့ ရှုံးတာပဲ။ တခါတော့ ၁၅ချီဖြစ်တယ်၊ ပဲခူးမှာ။ အဲ နောက်တခါကျတော့ ၁၃ချီ၊ နောက်တခါ ဘယ်နှစ်ချီလည်းမသိဘူး။ ၃ခါထိုးတယ်။ ၃ခါလုံး နိုင်တာ။
(ချမ်း) – မိုးကြိုးကို ၃ခါလုံး နိုင်တာပေါ့လား။
(ကျား) – ဒါပေမယ့် သရေလည်း ပေးတယ်လေ။ ၁၅ချီပြည့်သွားလို့လေ။ ကျွန်တော်သန့်သန့်ရှင်းရှင်းပြိုင်တယ်။
(ချမ်း) – အဲဒီ မိုးကြိုးကိုနိုင်ပြီးတော့ မြန်မာပြည်ချန်ပီယံဖြစ်လာတဲ့နှစ်ကို မှတ်မိသေးလား။
(ကျား) – မှတ်မိတယ်။ အသက် ၂၄ မှာ။ ၁၉၇၆/၇၈ ဝန်းကျင်ပဲ။
(ချမ်း) – ၁၉၇၃ နဲ့တူတယ် အဘ။
(ကျား) – ဟုတ်တယ်၊ ၁၉၇၃။ ကရင်ပြည်နယ်နေ့မှာ။
(ချမ်း) – ဘားအံမှာနော်။
(ကျား) – ဘားအံမှာ။
(ချမ်း) – ပွဲအတွေ့အကြုံလေးပြောပြပေးပါဦး။
(ကျား) – ကျွန်တော်က တက်ခါစလူငယ်ပေါ့။ ကျွန်တော်က သန်လည်းသန်တယ် တအားသန်တယ်။ ဟာ လူတိုင်းအံ့ဩတယ်၊ လူတယောက်ကို ဒီလိုမတယ်၊ ကလေးလိုပဲ (ကလေးကိုမသလိုပဲ မတယ်)။
အဲဒီလိုနဲ့ မိုးကြိုးနဲ့တည်တော့ ဆရာကျားဘညိမ်းက ကျနော့ကို တပည့်၊ ရတယ် ငါသိတယ်။ ဟာ ဆရာ (ကျွန်တော် ရပါ့မလား မိုးကြိုးက နာမည်ကြီးပဲ ကျွန်တော့ကို လုပ်ပြီးဆင်းသွားမှာ )ဆိုတော့ မပူနဲ့၊ ဆရာရှိတယ်တဲ့။ အားပေးတဲ့လူက အားပေးတာ။ ထိုးတာပေါ့။
ထိုးတော့ ၂ချီ ၃ချီမှာ ဘယ်မှာကွဲလဲမသိဘူး ကွဲတော့ကွဲတယ် နဲနဲခြစ်သွားတယ် (မျက်ခုံးတဖက်ကို ညွှန်ပြလျှက်)။ ဆရာဝန်ကြီးက ရတယ် (ဆိုလို့) ဆက်ထိုးတော့ ၁၁ချီမှာ မိုးကြိုး ဝမ်းလျားမှောက်ပြီးတော့ ကျွန်တော်လိုက်ပါသွားတယ် ပြုတ်ကျသွားတယ်၊ တံတောင်နဲ့ထိသွားတယ်။ သူ့ ဣန္ဒြေ ဆယ်လို့မရတော့ဘူးလေ၊ သူတခါမှ မကြုံဖူးဘူးတာကို အဲဒီလိုကြုံတယ်။ ဒါပေမယ့် ကျွန်တော့ကို သူမကြည်သေးဘူး၊ နောက်တခါပြန်ထိုးတယ်၊ ထိတာပဲ။ သူက လိုက်တော့ထိတယ်၊ မလိုက်ရင် မထိဘူး၊ လိုက်ရင် ထိတာပဲ အကုန်။ တံတောင် ဘယ်ညာဘယ်ညာထိတာပေါ့။
(ချမ်း) – အဘ တံတောင်က အရမ်းနာမည်ကြီးတယ်နော်။
(ကျား) – ဟာ နာမည်တအားကြီးတယ်။ ထိတာပဲ။ ဘုရားပေးတာပေါ့ဗျာ။
(ချမ်း) – အဲဒီ တံတောင်လက်ဝှေ့ပညာအနေနဲ့ကကျတော့ ဘယ်သူသင်ပေးခဲ့တာလဲ။
(ကျား) – အဘိုး၊ အဖေ၊ ဦးလေးတွေ ပြောကြတယ် (သင်ပေးကြတယ်)။ ကျွန်တော် တွံတေးသွားကစားတုန်းက အဖေကော ဦးလေးကော အကုန်ပါတယ်။
(ချမ်း) – ဒီအင်တာဗျူးမစခင်တုန်းက အဘပြောတယ်၊ အဘမှာ ပညာ၃ခုရှိတယ်တဲ့၊ ပြောပါဦး ဘာတွေလဲ အဘ။
(ကျား) – ကျွန်တော်တို့က သတ်၉သတ် ခံယူပြီးတော့ ဒီမြန်မာ့ရိုးရာလက်ဝှေ့လောကမှာ။ အကွက်၃ကွက်က ၁၊ ဒီမှာတချက် တကွက် (နားနောက်ဘက် နေရာကို ညွှန်ပြလျက်) ဒီနေရာ ထိရင် သွားပြီ။ နောက်တကွက် ဒီထဲမှာ (လည်မျို/ဇလုပ်နေရာကို ညွှန်ပြလျက်)။ အမှန်တော့ လက်ဝှေ့သမားက ဒီဇလုပ်နေရာကို မလုပ်ရဘူး၊ ရံဖန်ရံခါပေါ့ ချော်လဲရောထိုင်ပေါ့။ နောက်ဆုံးက ခြေထောက်၊ ဖြုတ်ချပလိုက်တယ်၊ တချက်ဆိုပြီးပြီ။ ပြင်းတယ်နော်။
(ချမ်း) – ခြေထောက် အောက်ဒေါက်ကို ကန်တာပေါ့နော်။
(ကျား) – အသားကုန်ကန်တာ၊ ရိုးရိုးတောင် မဟုတ်ဘူး။ ရှိတာအကုန် သုံးကန်တာ။ ပြုတ်ကိုပြုတ်ထွက်သွားတာပဲ။
(ချမ်း) – ဒူးတွေပြုတ်တာပေါ့နော်။
(ကျား) – အင်း အကုန်ပြုတ်ရော။ အခု ဘနှစ် ဒူးက အဲဒီလိုကထိတာ။
(ချမ်း) – သထုံဘနှစ်နဲ့က အတွေ့အကြုံလေး ပြောပါဦး။ သူက အကြီးကြီးပဲလေ။
(ကျား) – အကြီးကြီးပဲ၊ ချုပ်လိုက်ရင်လည်း ဝုန်းဆို၊ ကျွန်တော်လိမ့်လိုက်တာပေါ့၊ ကျွန်တော် ဘာမှမဖြစ်ဘူး။
(ချမ်း) – အဘကို ကိုင်ကိုင်ပေါက်တာလား။
(ကျား) – အင်း ကိုင်ပေါက်တာ၊ သူ့ ကိုယ်လုံးနဲ့ ပြန်ဖိချတယ်လေ၊ ရှောင်ရတာပေါ့။ မရှောင်ရင် သွားရော။ အဲဒီမှာ သူ ကျွန်တော့ကို မကပ်တဲ့အခါမှာ ကျွန်တော်သူ့ခြေထောက်ကို ပိတ်ကန်တာ၊ ၁၅ချီ ဆရာရယ်၊ ဘယ်ခံနိုင်မလဲ။ သူ ထလို့ကို မရတော့ဘူး။ ဘနှစ်ပွဲက အများကြီးထိုးရတယ် ကျွန်တော်။ သူက အကောင်ကြီးတာကိုး။ လူတိုင်းက အံ့ဩတယ်။ ဒေးဒရဲမှာ ၂ပွဲ၊ မော်လမြိုင်မှာ ၁ပွဲ၊ သထုံမှာ ၁ပွဲ၊
တမူးမှာ ၁ပွဲ၊ မန္တလေးမှာ ၁ပွဲ။ များတယ် များတယ်။
(ချမ်း) – အဘနဲ့ ဝိတ်တော်တော်ကွာတယ်နော်။
(ကျား) – တအားကွာတယ်။ (ကျွန်တော်က ) ၁၄၀ (ပေါင်)။ သူက ၂၀၀ ကျော်တယ်လေ။ ကျွန်တော်က ၁၄၀ပဲရှိတယ်။
(ချမ်း) – အဘက ပေါင်၁၄၀ပဲရှိတယ်နော်။
(ကျား) – အင်း ၁၄၀ပဲရှိတယ်။ အခုတော့ ၂၀၀ကျော်ပြီပေါ့လေ။
(ချမ်း) – အခုဆိုရင်၊ အဘ စိုးလင်းဦး သိတယ်မဟုတ်လား။
(ကျား) – သိတယ်။
(ချမ်း) – စိုးလင်းဦးတို့အရွယ် အဲဒီအတန်းလောက်ပေါ့။ အဲဒီအတန်းနဲ့ အဘက လူကောင်ကြီးတွေကို တက်ဖိုက်တာပေါ့။
(ကျား) – တက်ဖိုက်ခဲ့တာပေါ့။ တခု ကျွန်တော်ကြည့်ရတာ၊ စိုးလင်းဦးက ဟ အနစ်နာခံတယ်ကွယ်၊ အထိုးခံတယ်၊ ကျွန်တော်အထိုးမခံရဲဘူး။ ဟားဟား ကျွန်တော်လည်ပါတယ်။ ရှောင်တယ်၊ ရှောင်တယ်ဆိုတော့ ကျွန်တော့ကျန်းမာရေးကရှိသေးတာကိုး။
(ချမ်း) – အဘ ဘောက်ဆင်ကနေ ဆရာကတကယ့်ဘောက်ဆင်ရဲ့ဂန္ထဝင်ကြီးဆိုတော့ အဘ အရှောင်အတိမ်းတွေ အရမ်းကောင်းမယ်။ စိုးလင်းဦးက အထိုးအကန်ခံတယ်နော်။
(ကျား) – ဟုတ်တယ်၊ သူအထိုးခံတာ ရက်စက်တယ်။ ဒီကောင် အသက်မရှည်ဘူး (ရယ်လျက်)၊ ကျွန်တော်ပြောရဲတယ် သိပ်မရှည်ဘူး၊ အထိုးခံတယ်လေ၊ ထိုးဟ၊ ချ၊ ခေါင်းထိတယ်၊ ဟာ၊ တအားကျွန်တော်နှမြောတာ၊ သနားလည်းသနားတယ်၊ ကျွန်တော်အဲဒီလိုမျိုးမလုပ်ရဲဘူး။ လူမိုက်လို ခေါ်လို့ရတာပေါ့နော်၊ အဲဒါမျိုးကျွန်တော်မလုပ်ရဲဘူး။ ကျွန်တော့ကို ထိပြီးတော့ အော် ဒီမှာထိတယ်၊ နောက်အခါ မထိအောင် အမြဲတမ်းသတိထားပေးတယ်။ လူတွေက ဒီမှာထိထားလို့ရှိရင် သိထားတော့ ဒီနေရာကိုပြန်ထိုးရော၊ ဘယ်ရမလဲ၊ ဒီလိုတင်လိုက်ရင် ခြေထောက် လက်က (ကာပြလျက်) ဒီနံကြားချတယ် ဒုန်းဆို အော။
ကျွန်တော် နိုင်ငံခြားမှာ ပြင်သစ်မှာ သွားထိုးတယ်၊ ပြင်သစ်ချန်ပီယံ။ အရပ်မြင့်လိုက်တာဟေ့။ ကျွန်တော်နဲ့ခင်တယ် သူလည်း။ ကျွန်တော်ကို တွေ့ရင်း သူသဘောကျသွားတယ်။ ဖိတ်ရင်းနဲ့အကုန်ပါသွားကော။ ပါတော့ ကျွန်တော်ရယ် သုံးယောက်လေးယောက်ပါတယ်။ ပဲရစ်မှာ။ သူကချန်ပီယံ။ သူအရပ်မြင့်လိုက်တာဆရာရယ် ဒီနံရိုးနှစ်ခုက (ဘေးနံနှစ်ဘက်ကိုညွှန်ပြလျှက်) အတော်ပဲ ကျွန်တော့ခေါင်းနဲ့ အရပ်နဲ့ အတော်ပဲ။ ဒီနံရိုးထဲ သုတ်ချလိုက်တာ အာ လို့အော်ရပြီး မနိုင်တော့ဘူး ဟားဟား၊ သူအရှုံးပေးလိုက်တယ်။ အဲဒီနံရိုးကိုထိတာ။ သူကအပေါ်မှာ ကျွန်တော်ကနံရိုးကိုချလိုက်တာ။ သူကမထင်ဘူးလေ။ အချက်ပေါင်းများတော့ဘယ်ခံနိုင်မလဲဗျာ။ ဒီနံရိုးတွေကကျင့်လို့မရဘူးလေ၊ ပျော့တယ်။ (—) ကျွန်တော် ဒီပြင်သစ်ချန်ပီယံဖြစ်တော့ ကျွန်တော့ကိုလက်ဆောင်ပေးတယ်၊ အများကြီးပဲ၊ ဝမ်းသာတာပေါ့ဗျာ။ ကျွန်တော်ကကြောက်တယ်။ နောက် ယိုးဒယားမှာလည်း ချန်ပီယံပဲ ကျွန်တော်ချထည့်လိုက်တာ လဲသွားတယ်၊ နောက်ကိုလိမ့်တယ်၊ သူမထနိုင်တော့ဘူး။ သွားကြည့်လိုက်တော့ ဟာ သွားပြီ။ တခါထဲတင်သွားတယ် ကားနဲ့။ (—)
(ချမ်း) – အဘ သမိန်ဗရမ်းနဲ့အမှတ်တရကော ပြောချင်သေးလား အဘ။
(ကျား) – ပြောရင်ရတာပေါ့ ဆရာ။ သမိန်ဗရမ်းနဲ့တုန်းက ကျွန်တော်က ရဲ(ဝန်ထမ်း)။ သူက နာမည်ကြီးတာပေါ့၊ တော်တယ်၊ သူက အကောင်ကြီးတော့ ထိုး နိုင်သွားတာပေါ့။ သုံးယောက်သေသွားသေးတယ် သူက။ ကျွန်တော်နဲ့တည်တော့ ထိုးမလားဆိုတော့ ကျွန်တော်ထိုးမယ်။ အဲဒီပွဲက လူတွေကတော်တော်လာကြည့်တာ တွံတေးမှာ။ လူတော်တော်ကြည့်တယ် လူစိတ်ဝင်စားတာပေါ့၊ ဟာ သမိန်ဗရမ်း ဟာ သမန်းကျားလို့။
(ချမ်း) – သူက မုဒုံကမဟုတ်လား။ မုဒုံကနေ တွံတေးမှာ(လာပြိုင်တာနော်)။
(ကျား) – မုဒုံက။ (–)လူတွေအများကြီးလာကြည့်တယ်။ ထိုးတော့ ပြုတ်ကျတယ်၊ ဘာမှမဖြစ်ဘူး ကျွန်တော်အေးဆေးပဲ။ နောက်အဆုံးကျ ပြန်ကြားတော့ သေသွားတယ်တဲ့။
(ချမ်း) – အဘနဲ့ထိုးပြီးတဲ့အချိန်မှာ သူဆေးရုံတင်လိုက်ရတယ်နော်။
(ကျား) – အင်း ပြုတ်ကျတော့ ဒီလိုပြုတ်ကျတာ (လက်ဟန်ပြလျက်) ရိုးရိုးပြုတ်ကျတာမဟုတ်ဘူး၊ ဗောင်းဆိုပြီးမှ။ ကျွန်တော် မပြုတ်ကျခင် မထိုးခင် မချခင်က သမိန်ဗရမ်း မင်းဘာတွေညာတွေမလုပ်နဲ့နော် မင်း ငါ့မှာလုပ်လို့မရဘူး ငါဘုရားသား ငါဘုရားအားကိုးတယ် ယုံကြည်တယ် မလုပ်နဲ့ (—)
(ချမ်း) – အဘ အဲဒီမှာ အဆောင်တွေ ဆေးဝါးတွေ အဲဒါတွေပါလား။
(ကျား) – တခုမှမပါဘူး ကျွန်တော်ကတော့။ ဒါပဲ (ပါတယ်) ဟားဟား (လက်များကိုပဲပြလျက်)။ ဘုရားသခင် ကွယ်ကာမယ်မဟုတ်လား ဘုရားသခင် မစပါ ကူညီပါ၊ ဒါပဲ။ (—) (…)
(ချမ်း) – အဘ အဲလိုနဲ့ ချန်ပီယံဖြစ်ရင်းနဲ့ သက်တမ်းတခုရောက်လာတော့ စိန်ခေါ်ပွဲတွေအမျာကြီးအဘထိုးရတယ်၊ ထိုးတော့ တယောက်ပြီးတယောက် အဘနိုင်တယ်။ နိုင်တယ် နိုင်တယ်နဲ့၊ သထုံရွှေဝါထွန်းကို ဘယ်လိုရှုံးဖြစ်သွားတာလဲ။
(ကျား) – ရွှေဝါထွန်းက ၂ခါထိုးတယ်။ (-၃ခါဖြစ်မယ်ထင်တယ်-)
(ချမ်း) – အဲဒီအချိန်မှာ အဘ အသက်ကြီးပြီနော်။
(ကျား) – အသက်ကြီးသွားပြီ၊ ၅၀ကျော်ပြီလား ၅၈လား ၅၉လား ရှိလောက်တယ်။
(ချမ်း) – ဟုတ်လားအဘ၊ အဲလောက်မရှိဘူးတူတယ်။
(ကျား) – အာ ဆရာ၊ သူက ၄၈လေ။ ကျွန်တော်နဲ့ ၁၀နှစ်လောက်ကွာတယ်။ (မှတ်ချက် – ၂၀၁၀နောက်ပိုင်းမှ Myanmar Lethwei World Championship မှလုပ်သော လက်ဝှေ့ပွဲ/သရုပ်ပြပွဲတခုကို ပြန်မှတ်မိရည်ညွှန်းနေခြင်း ဖြစ်နိုင်သည်)
(ချမ်း) – မဟုတ်ဘူးလေ၊ အဲဒီအချိန်တုန်းက သထုံရွှေဝါထွန်းက အသက်ငယ်သေးတယ်လေ။ သထုံရွှေဝါထွန်းနဲ့အဘနဲ့က အသက် ၁၁နှစ်လောက်ကွာတယ်။
(ကျား) – ဟုတ်တယ် ၁၁နှစ်လောက်ကွာတယ်။
(ချမ်း) – သူက ၂၀ကျော်၊ အဘက ၃၀ကျော် နဲ့တူတယ်။
(ကျား) – ဟုတ်မယ်လို့ထင်တယ်။
(ချမ်း) – အဲဒီတော့ ဘယ်လိုရှုံးသွားတာလဲ သထုံရွှေဝါထွန်းကို။
(ကျား) – ရှုံးတာ အမှတ်ပေးနဲ့၊ သေချာမပြောဘူး၊ ကျွန်တော် ပတ်ပတ်လှဲလှဲ(—) မဟုတ်ဘူး ကျွန်တော်။ ပုံပျက်ပန်းပျက်မရှိဘူး။
လူက ဆရာသိတဲ့အတိုင်းပဲ ဆရာရယ်၊ ကိုယ့်တိုင်းပြည်မှာ ကိုယ်ဘုရင်ပေါ့ (—) အမှတ်နဲ့ သူပြောတယ်။ သူတို့ဘာလုပ်လုပ်လို့ ကျွန်တော်လည်းပြောတယ်။ အမှတ်နဲ့ရှုံးတာ။ သူတို့က ကျွန်တော့ကိုရှုံးတာ တွေ့ချင်တာကိုး။
(ချမ်း) – သထုံရွှေဝါထွန်းက ပြောဖူးတယ်။ အဘကထိုးတဲ့သူတွေကို သူက အနောက်ကနေလိုက်ထိုးတယ်တဲ့။ အဘက တယောက်ကိုနိုင်သွားပြီဆိုရင် သူကလည်း အဲဒီတယောက်ကိုနိုင်အောင် ထိုးကြည့်တယ်၊ အဘကနောက်တယောက်ကိုနိုင်ပြီဆို နောက်တယောက်ကိုသူက အဘနဲ့ထိုးဖို့ကို လိုက်ပြီးတော့ အဘထိုးခဲ့တဲ့သူတွေ ပြိုင်ဘက်တွေကို လိုက်ပြီး ထိုးရတာပေါ့နော်။ ထိုးနေရင်းနဲ့ နောက်ဆုံး အဘနဲ့ သူထိုးလို့ရပြီဆိုတဲ့အချိန်ပေါ့၊ အဲဒီအချိန်မှာ သထုံရွှေဝါထွန်းက သူ့ဆရာတွေကသူ့ကိုပြောတယ် သမန်းကျားနဲ့ မင်းထိုးလို့မရသေးဘူးလို့ မင်းကောင်းတော့ကောင်းတယ် ဒါပေမယ့် မင်း ဘောက်ဆင်ကို ကျွမ်းကျင်မှရမယ်ဆိုပြီး။ သထုံရွှေဝါထွန်းကလည်း ဒီ ဘောက်ဆင်ပေါ့နော် သူသွားပြီးတော့ ၂နှစ်လေ့ကျင့်ရသေးတယ်လို့ပြောတယ် အဘကိုထိုးဖို့။
(ကျား) – ကျွန်တော် (-လိုက်မရဲဘူး-)။ (-လိုက်ကပ်တာချည်းပဲ-) ကျွန်တော့ကို။ သူ့ စက်ကန်းမန်း (စင်ထောင့်အကူ) က အာ မလုပ်နဲ့ မ(ကပ်)နဲ့ ထိမှာစိုးတယ်၊ အမြဲတမ်း စက်ကန်းမန်းလုပ်နေတယ် ကျွန်တော် အေးအေးဆေးဆေးပဲ ကြည့်နေတယ်၊ ဝင်လာရင်တော့ နာပြီပေါ့။ မဝင်လာဘူး (ရယ်လျက်)။ သနားပါတယ်။ ဝင်လာရင်ပြီးပြီလေ ပွဲကပြီးသွားပြီ။ ဓာတ်ပုံရိုက်နေတော့ ကျွန်တော်ပြမယ် (-ဗီဒီယိုရိုက်သရုပ်ပြရန်ထလျက်-) တချက်ဝင်လာရင်တော့သွားပြီ ပွဲက။
ဒီမှာ ကျွန်တော်ဒီလိုတည်တယ်။ လေးထောင့်ရှိတယ်မဟုတ်လား ကြိုးဝိုင်း။ အလယ်မှာနေပြီးတော့ လိုက်ပေါင်း လိုက်ပေါင်း လိုက် လိုက် လိုက် လိုက် လိုက် ဟာ ထောင့်မိပြီ အိုကေပဲလို့ ကျွန်တော်ကြည့်တာ ထောင့် ဟာ အိုကေ ဒိုင်းဆို ကျွန်တော် နဲနဲတလှမ်းတိုးလိုက်တယ် လုံးဝအသားကုန် ဗောင်းဆို အား သွားရော။ ထိတာမှ အသံတော်တော်မြည်တယ် သိလား ရက်စက်တယ် ကျွန်တော်ချတာ အား သွားပြီ သွားပြီ။ နောက်တခုရှိတယ် ကောင်းတာ၊ လူတိုင်းမှာ သမန်းကျား ကြားရင် မေတ္တာရှိတယ် မေတ္တာပို့ပေးတယ်၊ သမန်းကျားက ဘာလူမျိုးလဲ၊ ကရင်လား ဗမာလား အင်္ဂလိပ်လား သမန်းကျားက နာမည်ကြီးက တိရိစ္ဆာန်ကြီးလား (—)။
(ချမ်း) – အဘနာမည်(အရင်း)က စောလှမင်းနော်။ စောလှမင်းကို သမန်းကျားဆိုတဲ့နာမည်က ဘယ်သူပေးတာတုန်း။
(ကျား) – အေးကွာ၊ ပြောရရင်လည်း တော်တော်များများစားစားပဲ။ သမန်းကျား(နာမည်) ကျွန်တော်ကြိုက်တယ်။ သမန်းကျား နာမည်ကို ကျွန်တော်ဘယ်လိုပြန်ဖွဲ့ထားလဲ နံပါတ်၁ “သ” သတ္တိ၊ မန် “မာန်မာန”၊ ကျား “ကျားကျားယားယား”။ အဲလို ကျွန်တော် ပြန်တယ် အဲဒီအတိုင်း ကျွန်တော် ကစားသွားတယ်။ ကျွန်တော့နာမည် ကြားတိုင်း လူက အလွန် ကျွန်တော့ကိုသိတယ်။ (—) (…)
(ချမ်း) – သထုံရွှေဝါထွန်းကို ရှုံးပြီးတဲ့အခါမှာ ပြန်ထိုးဖို့မကြိုးစားဘူးလား။
(ကျား) – ကျွန်တော်လား၊ ဟာ ကြိုးစားတာပေါ့ ဆရာ၊ ဘာဆိုင်လဲ၊ ရှုံးတာ သူက အမှတ်ပေးရှုံးလေ ဆရာ၊ အမှတ်ပေးဆိုတော့ ကျွန်တော်လည်း ဘာမှမပြောဘူး၊ သူတို့ကျေနပ်သလိုလုပ်ပစေလို့၊ ကျွန်တော်ဘာမှမပြောဘူး။ နောက်ပြီးတော့ သူနဲ့ ကျွန်တော် တခါမှမထိုးတော့ဘူး။ သူ့ကိုကျွန်တော်ဆော်မလို့ ဆရာ။ အဲ ဆောရီး ဆောရီး၊ တခါပြန်ထိုးသေးတယ်။ ပဲခူးမှာ။ ဒီနေရာ (မျက်ခုံးပေါ်နား ဖြတ်ပြလျက်) ပြတ်ဆင်းသွားတာ (—) အဲဒီအခါ နောက်ဆုံးပဲ။ (—) ကြောက်သွားတယ်လေဆရာ ကျွန်တော်(—) ကြောက်သွားတယ်။ ဘာညာ သမန်းကျားနိုင်သွား။ ဟေ့ကောင်တွေ မင်းတို့သေချာကြည့်ထားနော်၊ လက်ဝှေ့ပွဲရှိတယ် ကြည့်နော်၊ ဒါ လက်ဝှေ့သမားဆိုတာ အမှတ်နဲ့ကစားတာ ဘယ်လိုကစားတယ်ဆိုတာ၊ အမှတ်နဲ့ဆို အကုန် တပြည်လုံး ကျွန်တော်စွတ်ထိုးလို့ရတာပေါ့ (—) ဒါတွေ ဒီအတိုင်းပြရင် ကျွန်တော်မသိတော့ဘူး။ အပြင်ရောက်သွားတယ် ဒိုင်ခုံရောက်တယ် (-ပဲခူးက ပဲခူးကလည်း ပဲခူး-) (—) နောက်တခါပြန်ထိုးတယ် မြစ်ကြီးနားမှာ ရွှေဝါထွန်းပဲ။ ၃ချီ။ (—) ပြောတာပေါ့ ဟေ့ကောင် မင်း ငါနဲ့ထိုးမလား လိုက်မလား၊ ဘယ်လိုက်ရဲမလဲ၊ ကျွန်တော်ဆို ခံထားရတာ။ ဒူးနှစ်ချောင်းကိုင်တာ သူ ထလို့လည်းမရ ပြုလို့လည်းမရဘူး၊ ၃ချီနဲ့ပြီးသွားတာ ဟားဟား။ ဒါလည်းသရေပဲလေ။ ဒီလို (အလံလိုက်ပေးရင်) ကျွန်တော် အကုန်လုံး သရေတွေအများကြီးပဲ။ ၁၅ချီပြည့်ရင် သရေပေးတယ်။ ကျွန်တော်က ကိုယ်တိုင်ပေးတယ်လေ။ သူတို့က ဘယ်လိုပေးပေး ကျွန်တော်မသိဘူးလေ။ လက်ဝှေ့မှာ သူတို့ကတာဝန်ရှိတယ်လေ။ ကျွန်တော် သေတဲ့လူတွေကို ဟာ မင်းတို့မှာ တာဝန်ရှိတယ်နော် ကန်ထရိုက်တွေ သေတဲ့လူကို (မလာချီ)ပေးဦး။
(ချမ်း) – အဘနဲ့ထိုးပြီးတော့ သေတဲ့သူတွေရှိလား။
(ကျား) – အင်း ရှိတယ်။ ထားဝယ်မှာ။ အလံတင်ထားတယ်၊ ဘယ်သူမှကျွန်တော့ကိုမထိုးရဲဘူး။ မထိုးရဲတော့ ကျွန်တော် အလံကိုချိုးပြီး ကျွန်တော်ယူလိုက်တယ်။ ဘေးကလူက မြှောက်ပေးတဲ့လူတယောက်ရှိတယ်၊ ကျွန်တော် နာမည်မပြောတော့ဘူးလေ၊ အဲဒါ ထိုးလိုက်တာ သူ့ကလေးက (—) သူ့ယောက်ကျားသေသွားတော့၊ ငါပြောတယ်မဟုတ်လား၊ သမန်းကျားကို မထိုးနဲ့ ငိုငိုရီရီနဲ့၊ ကျွန်တော် ရှိတဲ့ပိုက်ဆံအကုန်လုံး ကျွန်တော်ပေးလိုက်တယ်။ အားပါးပါးပါး ကျွန်တော် စိတ်မကောင်းဘူး။
(ချမ်း) – အဲဒီအချိန်တုန်းက ၁၉၆၀ နှောင်းပိုင်း ၁၉၇၀ အစောပိုင်းကာလတွေပေါ့နော်၊ အဘအကောင်းဆုံးအချိန်တွေနော်၊ အဲဒီအချိန်တုန်းက လက်ဝှေ့ထိုးကြေးတွေက အဘ ဘယ်လောက်လောက်ရလဲ။
(ကျား) – အာ နဲနဲပဲရတယ်။ ပထမသမား ၂၀၀၀၊ ၁၀၀၀။ ၃ယောက်ထိုးရတယ်။
(ချမ်း) – ၃ရက်ထိုးရတာလား။
(ကျား) – ၃ယောက်။ တနေ့ထဲ ၃ယောက်။ (—) တခါတလေ ၈ယောက်။ အလံ။ အိမ်ဖြည့်တာပေါ့။ အတိအကျက ၃-၄ယောက်တွေချည်းပဲ။ မိုးကြိုး၊ ဘနှစ်၊ (—)။ တင်ဝင်း ဆရာတင်ဝင်းအစောကြီးပြုတ်တယ် ဒုတိယအဆင့်ပဲရှိတယ်။ အဲဒီ ဘနှစ်၊ မိုးကြိုး။
(ချမ်း) – အဲဒီတုန်းက ရွှေဝါထွန်းက ငယ်သေးတယ်နော်။
(ကျား) – အော်၊ ကလေးပဲရှိသေးတယ်လေ။
ဟိုမှာလေ၊ လမိုင်းက နှစ်ကရင်(-မှာထိုးခဲ့တဲ့ပြိုင်ဘက်-)၊ ဟာ နဲတဲ့အကောင်ကြီးမှမဟုတ်ဘူး ဆရာရေ့။ အိုး၊ တခါတခါ ကျွန်တော် လွှင့်သွားတယ်။ သူခတ်ရင် သူ့ကို ကျွန်တော်တင်း(ခံ)ထားတာ၊ လွှင့်သွားတယ် ကျွန်တော်။ ကြာပြီ နောက်တော့ပြုတ်တာပဲ။
(ချမ်း) – အဘ ပေါင်၁၄၀ကျော်လောက်နဲ့ ဘာလို့အဲလောက်သန်တာလဲ။
(ကျား) – ကျွန်တော်ပြောတဲ့ဥစ္စာ၊ ဘုရားအားကိုးလို့။ လူတွေက သိပ်လက်မခံဘူး၊ ကျွန်တော်ကလက်ခံတယ်။ ဘုရားအားကိုးတယ် ဘုရားကအကုန်တတ်နိုင်တဲ့ဘုရား၊ ကျွန်တော်ယုံတယ် အဲဒီဟာ။
(ချမ်း) – ဘာလို့လဲဆိုတော့ ဒီ သထုံဘနှစ်ကတော့ အရမ်းကြီးတယ်ပေါ့နော်။
(ကျား) – ကြီးတာပေါ့၊ အား ရက်စက်တယ်။
(ချမ်း) – သထုံဘနှစ်က အရမ်းကြီးတယ် ထားလိုက်ဦး၊ သမိန်ဗရမ်းဆိုလည်း အဘထက်တော်တော်ကြီးတယ်။
(ကျား) – မြင့်တယ်၊ မြင့်တယ်၊ ထောက်လက်သီးကောင်းတယ်။
(ချမ်း) – ဒေါက်ကောင်းတယ်၊ လက်တံရှည်တယ်။ ပြီးရင် ဦးမိုးကြိုးဆိုလည်း အဘထက်ပိုပြီးတော့ ပေါင်၁၆၀/၁၇၀ ရှိမယ်ပေါ့နော်။
(ကျား) – အား ရက်စက်တယ်။ ဟုတ်တယ်။
(ချမ်း) – အခုခေတ်ဆိုရင် တူးတူးတို့ဘာတို့ ခန္ဓာကိုယ်မျိုးနဲ့တူပါတယ်။ ၁၇၀/၁၈၀၊ ရွှေရာမာန်တို့လို။ အဘကကျတော့ ဒီ ပေါင်၁၄၀ကျော်နဲ့ အများကြီးကို ဖြိုခဲ့တာပဲ။
(ကျား) – ဟုတ်တယ်။ ကျွန်တော် နောက်ဆုံးမှာ ၁၅၀ပြည့်သွားတော့။ အသက်ကြီးလာတော့ ပေါင်ပြည့်လာတယ်။
(ချမ်း) – အဘရဲ့ ထိုးတဲ့ပြိုင်ဘက်တွေ ရှိတယ်လေ။ အဘအကြိုက်ဆုံး၊ ထိုးရအခက်ဆုံးပဲဖြစ်ဖြစ်၊ ပညာအကြိုက်ဆုံးပဲဖြစ်ဖြစ်ပေါ့ ဘယ်သူဖြစ်မလဲအဘ။
(ကျား) – ဆရာ ကျွန်တော်ထိုးတာ စိတ်ထဲကလေ ပေါ့ပေါ့လေးပဲ။ ကျွန်တော့ကို ခံထိုးတာ ပါသွားတာပဲ။ ဒီ ကော့သောင်းမှာ ပလုတ်တုပ်တုပ်ဆိုတဲ့ရွာလေ၊ ထိုင်းအဆင့်၁ တယောက်ခေါ်လာတယ်၊ သူ့နာမည် ကျွန်တော်မေ့နေတယ် မမှတ်မိဘူး၊ ကျွန်တော့ကိုပေးထိုးတယ်၊ သေသွားတယ်ဆရာ။ သူများတွေသေတာ ချက်ချင်းလက်ငင်းလိုတဲ့ဥစ္စာ။ စင်ပေါ်ကဆွဲချတယ် တခါထဲတင်သွာတယ် စက်လှေနဲ့၊ ဟိုးသင်းဘောဆိပ်ပေါ်။ ဗမာကလူတွေ သုံးယောက်ရှိတယ် လိုက် လှောင်ရော။ သူတို့အံ့ဩနေတာပေါ့။ ပြီးတော့ကျွန်တော်ကြောက်တယ် ကြောက်မှကြောက်။ အဲဒီတုန်းက အဲဒီအချိန်မှာ ကျားဘညိမ်းပါလား မပါလား သူ ထောက်လှမ်းရေးနဲ့ပါလား ကျွန်တော်မမှတ်မိတော့ဘူး။ ထောက်လှမ်းရေးနဲ့ဆိပ်ကမ်းမှာ ကျွန်တော်တို့ပါသွားတယ်။
(ချမ်း) – အဘရဲ့လက်ဝှေ့ကစားသမားဘဝ၊ ပြီးတော့ အဘရဲ့ ရိုးရာချန်ပီယံကစားသမားဘဝအတွက် ဆရာကျားဘညိမ်းက ဘယ်လောက်အရေးပါခဲ့သလဲ။
(ကျား) – အကုန်လုံး၊ နံပါတ်၁ မှာပါတာပေါ့ဆရာ။ ရှယ် နံပါတ်၁။ (—) သူနဲ့ကျွန်တော်နဲ့တိုင်ပင်တယ်၊ နောက်ဆုံးမှာ ဗိုလ်ချုပ်ခင်ညွှန့်ပြောတာ (-၅ချီကပြောင်းလုပ်တယ်-)။ (—) ၁၅ချီက နဲတာမဟုတ်ဘူး ၅ချီပဲထားတယ်။
(ချမ်း) – ဟုတ်ကဲ့၊ အခုကတော့ ၅ချီပေါ့နော်။
လက်ဝှေ့ကစားသမားဘဝမှာ တနိုင်ငံလုံးသိတဲ့ လက်ဝှေ့ကျော်ကြီးလည်း ဖြစ်ခဲ့တယ်၊ ပြီးတော့ မြန်မာပြည်ရဲ့အမြင့်ဆုံးအတန်းမှာ ချန်ပီယံဆုလည်း ရခဲ့တယ်၊ နှစ်တွေအကြာကြီးလည်း ထိန်းသိမ်းနိုင်ခဲ့တယ်ပေါ့နော်၊ အဲဒီတော့ ဒီဖြတ်သန်းမှုပေါ့ ဒီရိုးရာလက်ဝှေ့ကစားသမား ပြီးတော့ မြန်မာပြည်ချန်ပီယံကြီး ဦးသမန်းကျား ဆိုတဲ့ဘဝကို အဘပျော်ရွှင်လား ကျေနပ်လား။
(ကျား) – ကျွန်တော် ကျေနပ်တယ်၊ ကျွန်တော်ခံယူတာက (—) အကုန်ချုပ်ထိန်းလိုက်တယ် တကယ်ရှယ်၊ နိုင်သွားတာပေါ့ကွယ်၊ (—) ကျွန်တော် ဘုရားရှိခိုးလို့ရှိရင် ကိုယ်တော်လက်ကိုအပ်တယ်နော်၊ ကိုယ်တော်အလိုတော်ပဲ ကိုယ်တော်တာဝန်ယူလိုက်ပါဆို ပြီးပြီးသား။ ဘုရားပေးရင် ပြီးသွားတာ။ ကျွန်မ်းစာထဲကပြောတယ်၊ ဘုရားသခင်သည် အကျွန်ုပ်အကွယ်အကာ။ ကျွန်တော် အဲဒီလိုလေးခံယူတယ်။ မကြောက်နဲ့ပေါ့နော် သင်နဲ့အတူငါရှိတယ်၊ နောက်တခုက သူကပဲ ကျွန်တော်တခါတလေ (—) မထိုးခင်၊ အရှင်ထာဝရမိန့်တော်မူသည်ကား ငါ့ကိုခေါ်လော့ ငါထူးမည်၊ ကြီးသောအရာ သင်မသိနိုင်လောက်အောင် နက်နဲစွာ ငါပြဦးမည် အမှုများသည့်ကာလ၌ငါ့ကို(—)ပြုလော့၊ ငါသည်ကယ်လွှတ်မည်၊ သင့်ကိုငါချီမြှောက်ကြလိမ့်မည် အဲဒါရွတ်ထားတော့ ပြီးရောပေါ့ဆရာရယ် လုံခြုံသွားပြီပေါ့၊ အဲဒါ အဆောင်ပေါ့။
(ချမ်း) – အဘတို့ထိုးတဲ့ခေတ်တုန်းက အဲလို တခြားကစားသမားတွေမှာလည်း အဆောင်တွေ အောက်လမ်းတွေ ရှိတယ်ကြားဖူးတယ် ဟုတ်လား အဘ။
(ကျား) – ကျွန်တော် ကျောင်းသားကြီးနဲ့ထိုးတာ အဆောင်မှအဆောင်ဆောင်၊ စစ်ကိုင်းကျောင်းသား။ ဘယ်သူမှ မထိုးရဲဘူးလေ။ သူ့တပည့် ၃ယောက်ရှိတယ်။ ဟာ စစ်ကိုင်းကျောင်းသားက သူပြောတာ သမန်းကျားမဟုတ်ဘူး သမန်းကျားနဲ့တူတာလို့။
အေး အတုလားအစစ်လား တက်လာလို့ပြောလိုက်တယ် ကျွန်တော်ကစိန်ခေါ်တယ်နော်၊ စစ်ကိုင်းသွားတော့ (-ထားဝယ်ဈေးရုံ-)တည်းတယ်။ (…)
(ချမ်း) – အဲဒီပွဲက စစ်ကိုင်းမှာထိုးပြီးတော့ အရမ်းလည်းနာမည်ကြီးတယ်နော်၊ ပြောပြပေးပါဦး။
(ကျား) – အဲဒီပွဲမှာ ကျောင်းသားက ကျွန်တော် သူ့တပည့်တယောက်နဲ့ ထိုးပြီးတော့ တချီနှစ်ချီနဲ့ပြီးသွားပြီ၊ အဲဒါနဲ့ သူတက်လာပြီးတော့ ခါးထောက်တယ် သူဒီလိုထောက်ထားတယ် (ဟန်ပြလျက်) မဲမဲကျုပ်ကျုပ်ကြီး၊ ဟာ၊ သမန်းကျားမဟုတ်ဘူးတဲ့။ ဟေ့ကောင် သမန်းကျား ဟုတ်သည်မဟုတ်သည်ဆိုတာ စမ်းလိုက်ကွာ၊ ကဲ ဒိုင် (—)၊ ကဲ ၁၅ချီ။ အဲဒီမှာက မြို့နယ်ကောင်စီဥက္ကဌက (-မွန်များ-) ခင်မောင်လေးလား ကျွန်တော်မမှတ်မိဘူး၊ မိတ်ဆက်တော့ ကိုကျား ကျွန်တော် (-မွန်များ-)ပဲ၊ ကျွန်တော်ကူညီမယ်ဆရာ ရန်ပုံငွေအတွက်၊ ထိုးတာဥစ္စာ ၃ချီလား ၄ချီလားမသိဘူး၊ သွားတာပဲ။ သူပြောတယ် သူဆေးရုံရောက်တော့ ဟေ့ ငါထိုးတာသမန်းကျားကွ၊ ငါဘာလို့ဒီကိုရောက်လဲ သူမသိဘူး၊ မေ့သွားတယ်လေ၊ ကြိုးသုံးဆင့်မှာ ကျသွားတာ ဒေါင် ဒေါင် ဒေါင်ဆိုပြီး ထိသွားတယ်လေ (ပါးကိုပုတ်ပြလျက်)။ ပြတ်သွားတယ် အဲဒါပြီးတော့ထမ်းပို့ရတယ်။ သူများတွေရီတာပေါ့၊ သမန်းကျားနဲ့ထိုးတာ(—)ဘာညာဆိုပြီး။ အဲဒီမှာ(—)ကျွတ်သွားတာ တခါထဲ။ သူ နောက်ပိုင်း သမန်းကျားကို ထိုးမရဲ မထိုးတော့ဘူးကွာ ကြိုက်တဲ့(အခြား)ကောင်ထိုးမယ် ကျောင်းသားကအဲဒီလို။
(ချမ်း) – အခု အဘ ဒီဘက်ခေတ်မှာတော့ ဒီရိုးရာလက်ဝှေ့ကစားသမားတွေ အခုနိုင်ငံခြားကို ထွက်ထိုးနေကြတယ်၊ ကြားလား၊ အဘကြားလား။
(ကျား) – ကြားတယ် ကြားတယ်။
(ချမ်း) – အဘ ကြိုက်တဲ့သူတွေရော ရှိလား။
(ကျား) – ကြိုက်တယ်ဆိုတာတော့ အကုန် လက်ဝှေ့နဲ့ပတ်သက်ရင်တော့။ မင်းတို့ဒီလိုထိုးပုံထိုးနည်းဆိုရင် ၃/၅ချီပဲ၊ ငါနဲ့တွေ့ရင်မင်းတို့သွားမှာပဲလို့၊ နောက် ဘေးလူကလည်းပြောတယ်၊ အဲဒီ သမန်းကျား သွားမှာပဲလို့ပြောကြတယ်။ နောက် ဘုန်းကြီးကိုယ်တိုင်က သမန်းကျား၊ ငါတို့သင်တန်းထဲကနေ လာမရှုပ်နဲ့ မင်းလိုတကောင်မှမရှိဘူး၊ ပြောပြန်တယ်။ တောင်ကလေးဆရာတော်က ကျွန်တော့ကိုအားပေးတယ်၊ တောင်ကလေးဆရာတော်က လက်ဝှေ့ဝါသနာပါတယ်၊ တောင်ကလေးဆရာတော်က သူ့ကလပ်နဲ့သူဖွင့်ပြီးတော့ ကျွန်တော်သွားတော့ မလာနဲ့မလာနဲ့ နင်နဲ့ဘာမှမဆိုင်ဘူး တခြားစီပဲလို့ပြောတယ်။ (—) ကျွန်တော် မေတ္တာလည်းပါတယ် ဆရာ၊ ထိုးတော့မယ်ဆို ဆုတောင်းတယ်၊ နောက်တော့ ကျမ်းစာတစ်ပိုဒ်မှာပြောတာ အသေသတ်ခြင်းမဟုတ်ဘဲ အသေထိုးသတ်အကြံမရှိဘဲ၊ အဲ၊ အကြံမရှိဘူးလေ၊ သူ့ကိုသေအောင် မသတ်နိုင်ဘူးလေ (-သေစေလိုသောအကြံမရှိဘူး-)။ ကျွန်တော် အဲဒီကျမ်းစာတွေရွတ်တယ်။
(ချမ်း) – အခု စိုးလင်းဦးတို့ သွားကြတယ်ပေါ့လေ။ သန့်စင်တို့။ အဘသိသလားတော့မသိဘူး။ ဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ ဘာအကြံပေးချင်သလဲ။
(ကျား) – ကျွန်တော်က အကြံပေးချင်တာ၊ စောငမန်းကိုပေးတာများတယ်၊ မင်းတို့ အိပ်ရေးမပျက်နဲ့၊ ဆေးလိပ်မသောက်နဲ့၊ မဟုတ်တာတွေမလုပ်နဲ့။
(ချမ်း) – အဘက အဲဒါတွေမလုပ်ဘူးနော်။
(ကျား) – ကျွန်တော် တခုမှမလုပ်ဘူး။ လူတိုင်းအံ့ဩတယ်၊ ဟာ ကရင်မှန်းသိတယ်၊ ကရင်ဆိုတာ အရက်ဆိုအသေသောက်တယ်လို့(ထင်ကြတာ) ဟားဟား။ ဟုတ်တယ် ငါ ကရင်အစစ်ပဲလို့၊ ကျွန်တော် မသောက်ဘူး၊ ကရင်တောင်မှ အမေကစကော၊ အဖေကပိုး။ ကျွန်တော် တခါမှမသောက်ဘူး။ ကျွန်တော် အရက်သောက်ရင် ဘယ်သူကငှားလာမှာလဲ၊ မရဘူး။ ကြောင်တရာတို့ လက်ဝှေ့သမားတွေ အရက်သောက်ရင် ကျွန်တော်ဆုံးမတာပဲ မသောက်နဲ့။ အရက်သမားတွေက လက်ဝှေ့သမားတွေ ကျွန်တော့ဆီလာနေရင် မသောက်လည်းမသောက်ရဲဘူး။
(ချမ်း) – အဲဒီတော့ အခု အဘရဲ့နောက်ပိုင်းမှာတော့ မြန်မာပြည်ချန်ပီယံက သထုံရွှေဝါထွန်းဖြစ်လာတယ်။ နောက်တော့ တဆင့်တဆင့်ပေါ့လေ လက်ဆင့်ကမ်းလာခဲ့တာ ထားပါတော့ ရွှေဓူဝံ၊ ဝမ်ချိုင်း၊ ရှမ်းလေးသွေး၊ ရွှေဆိုင်း၊ လုံးချော၊ စောငမန်း၊ ထွန်းထွန်းမင်း၊ သွေးသစ်ဝင်းလှိုင်၊ အဘက အဲဒီကစားသမားတွေထဲမှာ မြန်မာပြည်ချန်ပီယံတွေချည်းပဲပေါ့ အားလုံးပေါင်း ၁၁ယောက်ပေါ့နော်၊ အဘအပြင်ဆိုရင် အဘ ဘယ်သူ့ကိုအကြိုက်ဆုံးလဲ။
(ကျား) – ကျွန်တော်ပြောပြီးပြီမဟုတ်လား။ ဒီလိုမျိုး ထိုးမယ်ဆိုရင် ငါနဲ့ဆို သွားပြီလို့ ပြောတယ် ဟားဟား။ သွားပြီ သွားပြီ၊ ဟာ၊ ဒီလို စိုးလင်းဦးဆို ဒီလောက်ရဲတာ၊ ကျွန်တော်ဆို သွားပြီပေါ့ဗျာ၊ တံတောင်တချက်တချက် သူကသွားပြီး ဘယ်ခံနိုင်မလဲ၊ လူသားပဲဟာ သစ်သားမှမဟုတ်ပဲ။ နောက် ရှိသေးတယ် (—) မင်းတို့ ဒီလိုထိုးမယ်ဆို မလုပ်နဲ့၊ နောက်ပြီး မန္တလေးကတယောက်ရှိတယ်၊ ဖိုးကေ၊ သူ့အဖေနဲ့ ကျွန်တော်ခင်တယ်၊ ကျွန်တော်ပြောတယ် ပြသပေးတယ် ဒီလိုထိုး ဒီလိုလို့၊ ပြောသလိုထိုးတယ်၊ မဆိုးဘူး ကောင်းတယ် ဒီကောင်လေးက။ နောက်ဆုံးမှာ နည်းစနစ်မကျရင် ပြုတ်တာပဲ။
(ချမ်း) – မြန်မာပြည်ချန်ပီယံတော့မဖြစ်ခဲ့ဘူးပေါ့လေ။ ဒါပေမယ့်မြန်မာတပြည်လုံးချစ်တဲ့ နောက်ထပ်လက်ဝှေ့သမားတယောက်ရှိတယ်၊ တွေ့မရှောင်လေ။
(ကျား) – တွေ့မရှောင် ၂ယောက်ရှိတယ်နော်၊ ကုလားတွေ့မရှောင်၊ ကရင်ဗမာတွေ့မရှောင်။ လက်ရှိအခုထိုးနေတာက လက်ရှိတွေ့မရှောင်။ သေသွားတဲ့ တွေ့မရှောင်က ကျွန်တော်နဲ့ထိုးဘက်။
(ချမ်း) – လက်ရှိထိုးတဲ့တွေ့မရှောင်ကပေါ့နော်၊ အဘ သူ့ပွဲတွေကြည့်ဖူးလား။
(ကျား) – မကြည့်တော့မကြည့်ဖူးဘူး။ အဲလိုပွဲတွေကျ ကျွန်တော်မကြည့်ဖြစ်တာကြာပြီ။ ကျွန်တော်လည်း ရောဂါတွေဖြစ်တာနဲ့။
ကျွန်တော်တစ်နှစ်ကျော်ကျော် ၂နှစ်နီးပါး ရောဂါဖြစ်တယ်လေ။
(ချမ်း) – လက်ဝှေ့ကစားသမားဘဝ ဘယ်အချိန်မှာ အဘနားလဲ။
(ကျား) – ကျွန်တော် နားတာက ၆၀မှာ ကျမ်းစာကျောင်းတက်တယ်။ ဘာသာရေးနဲ့ (—)။ နောက်ဆုံးကျည်ဆန်ပေါ့ကွယ်။ ကျွန်တော်အောင်လာခဲ့တယ်။
(ချမ်း) – အဲဒီမတိုင်ခင်ထိုးသေးတယ်ပေါ့နော်။
(ကျား) – ထိုးတာပေါ့ဗျာ။ ၅၉အထိထိုးတယ်ဆရာ။ ကျွန်တော်ကသန်တာဆရာ လူတိုင်းအံ့ဩတယ်။ ကျွန်တော် တိမ်းလိုက် ရှောင်လိုက် ကျွန်တော် ချလိုက်ထိလိုက်ရင် လွှင့်ကနဲဆိုပါသွားတာပဲဆရာ။
(ချမ်း) – ဟုတ်ကဲ့ပါ အဘ၊ အခုလိုမျိုး ကျွန်တော်တို့ UK Matchday ကပေါ့နော်၊ ပရိသတ်တွေနဲ့ အဘတို့ကို ထိတွေ့ပေးတဲ့ မိတ်ဆက်ပေးတဲ့ ဒီပရိသတ်တွေရင်ထဲကိုပြန်ထည့်ပေးတာပါပဲ မေ့နေကြမှာစိုးလို့ပေါ့လေ တချို့တော့မမေ့ကြပါဘူး တချို့ကျတော့လည်း မသိတဲ့သူတွေ သိသွားအောင်လို့ ကျွန်တော်တို့က လာပြီးတော့ အဘနဲ့ တွေ့ဆုံမေးမြန်းပေးတာပါ။ ကျွန်တော်တို့ကို လက်ခံတွေ့ဆုံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
(ကျား) – ကျေးဇူးအများကြီးတင်တယ်၊ အာမင်၊ (-Pray/Praise-) ဟာလေလုယာ။