မြန်မာ့ရှေးဟောင်း ဗလာလက်သီးကိုယ်ခံပညာရပ် အပေါ်ထားရှိသည့် လူတစ်ယောက်၏ အချစ်၊ စိတ်ပြင်းပြမှုနှင့် တစ်သက်တာမြှုပ်နှံမှု မှတ်တမ်း
မြန်မာနှင့်ဂျပန် လက်ဝှေ့ချစ်ကြည်ရေးပြိုင်ပွဲများ (၂၀၀၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ) စီစဉ်သူနှင့် (၂၀၀၅ ခုနှစ်တွင်) ပုဂံ လက်ဝှေ့နံရံဆေးရေးပန်းချီများကို ရှာဖွေတွေ့ရှိခဲ့သူ တာကူယာ တာကာမိုရီ ၏ မူရင်းထွက်ဆိုချက်များ အပေါ် အခြေခံထားပါသည်။
လက်ဝှေ့အစစ်အမှန်ကို သူပထမဆုံးအကြိမ် မြင်တွေ့ခဲ့ချိန်
ဦးဝင်းဇင်ဦးသည် လက်ဝှေ့ကျော်များ၊ ချန်ပီယံများစွာကို မွေးထုတ်ပေးခဲ့သော နာမည်ကျော် နည်းပြတစ်ဦး ဖြစ်နေပြီဖြစ်သည်။ မကြာမီ ဟင်္သာတမြို့တွင် ပြိုင်ပွဲတစ်ပွဲ ကျင်းပမည်ဖြစ်ကြောင်း တာကာမိုရီကို ပြောပြခဲ့ပြီး သူ့ကိုပါ လိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ သူတို့သည် အရုဏ်မတက်မီ ရန်ကုန်မှ ကားဖြင့်ထွက်ခွာခဲ့ကြပြီး ဖုန်တလုံးလုံးထနေသော မြေသားလမ်းများပေါ်တွင် နာရီပေါင်းများစွာ မောင်းနှင်ခဲ့ကြကာ တစ်နေရာတွင် ကားကို လှေပေါ်တင်၍ မြစ်ကြီးတစ်စင်းကို ဖြတ်ကူးခဲ့ကြသည်။ ထိုနေ့က သူတို့နှင့်အတူ လိုက်ပါလာသူမှာ လူငယ်ပွဲစီစဉ်သူ စိုးသန်းဝင်းဖြစ်ပြီး နောက်ပိုင်းတွင် ဤအားကစားရပ်၌ နောက်ထပ် အဓိကကျသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။


ဟင်္သာတတွင် ပြိုင်ဘက်နှစ်ဦးကြား ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ထက်မက ကွာဟနေပုံရသော ပွဲဆိုင်းများ၌ စောသဲမျိုးနှင့် စောသဲအောင်စသည့် လက်ဝှေ့သမားများ ယှဉ်ပြိုင်ကြသည်ကို တာကာမိုရီ ကြည့်ရှုခဲ့သည်။ ပွဲစဉ်များကို လက်ဗလာဖြင့်၊ ခေါင်းတိုက်ခွင့်များပါဝင်ကာ သူကမ္ဘာပေါ်ရှိ မည်သည့်နေရာတွင်မှ မမြင်ဖူးခဲ့သော ပြင်းထန်မှုအဆင့်အထိ ထိုးသတ်ခဲ့ကြသည်။
“ဒါဟာ ဂျပန်မှာရှိတဲ့လူတွေ ထင်မြင်နေကြသလို အားနည်းပြီး နည်းစနစ်ပိုင်းအရ ခေတ်နောက်ကျနေတဲ့ တိုက်ခိုက်ရေးပညာရပ်မျိုး လုံးဝမဟုတ်ပါဘူး။ ဒါဟာ အံ့မခန်း အဆင့်မြင့်ပြီး၊ သန်မာပြင်းထန်ကာ လှပပါတယ်။ ဒါ့အပြင် ဒါဟာ မြင့်မြတ်တဲ့ တိုက်ခိုက်ရေးပညာရပ်တစ်ခုဖြစ်တယ်လို့ ကျွန်တော် နက်ရှိုင်းစွာ ခံစားမိခဲ့ပါတယ်”
ဟု နောက်ပိုင်းတွင် တာကာမိုရီက ပြန်လည်ပြောပြခဲ့သည်။
ရန်ကုန်သို့ ပြန်ရောက်သောအခါ သူသည် ဦးဝင်းဇင်ဦး၏ အားကစားရုံသို့သွား၍ အားကစားသမားများ လေ့ကျင့်နေသည်ကို ဗီဒီယိုရိုက်ကူးခဲ့ပြီး၊ သူတို့အားလုံး အတူတကွနေထိုင်ကြသော အိမ်ငယ်လေးသို့ သွားရောက်လည်ပတ်ကာ သူ၏မိတ်ဆွေသစ်မှတစ်ဆင့် ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ စကားပြောဆိုခဲ့သည်။ သူနှင့် ဦးဝင်းဇင်ဦးတို့မှာ အသက်တူရွယ်တူများ ဖြစ်ကြသည်။ ထိုအလည်အပတ်ခရီးမှစတင်၍ တာကာမိုရီ၏ ကိုယ်ပိုင်စကားအရ သူတို့သည် တစ်သက်တာ အခင်မင်ဆုံးမိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။



ကြိုးစားအားထုတ်ခဲ့ရသော ခုနစ်နှစ်တာကာလ
တာကာမိုရီသည် လက်ဝှေ့ပွဲစဉ် ဗီဒီယိုမှတ်တမ်းများနှင့် ရန်ကုန်တွင် ဝယ်ယူခဲ့သော ဗီစီဒီအခွေများကို ဂျပန်သို့ သယ်ဆောင်သွားခဲ့ပြီး ၎င်းတို့ကို VHS တိတ်ခွေများထဲသို့ ကူးယူကာ ဂျပန်ရှိ တိုက်ခိုက်ရေးပညာအားကစားအဖွဲ့အစည်းများထံ ပေးပို့ခဲ့သည်။ သူတို့၏ ပွဲစဉ်များတွင် မြန်မာလက်ဝှေ့သမားများကို ထည့်သွင်းပေးရန် သူက တောင်းဆိုခဲ့သည်။ သို့သော် အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရသည်။ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ မြန်မာလက်ဝှေ့သမားများသည် (၇၅) ကီလိုဂရမ်အောက် ဝိတ်တန်းများတွင် ယှဉ်ပြိုင်ကြပြီး ဂျပန်ပွဲစီစဉ်သူများက နိုင်ငံခြားပွဲများအတွက် ထိုဝိတ်တန်းများကို ထည့်သွင်းလေ့မရှိသောကြောင့်ဖြစ်ကာ၊ နောက်တစ်ချက်မှာ တာကာမိုရီကိုယ်တိုင် ဝန်ခံထားသကဲ့သို့ “ကိုယ်ခံပညာအားကစားလောကတွင် လုံးဝ အပျော်တမ်းအဆင့်သာ” ဖြစ်နေသောကြောင့် ဖြစ်သည်။
နှစ်အတော်ကြာသည်အထိ သူအိပ်မက်မက်နေသည့်အရာကို ဦးဝင်းဇင်ဦးအား ပြောပြရန် သူသတ္တိမမွေးနိုင်ခဲ့ပေ။ လက်ဝှေ့ကိုအခြေခံထားသည့် မြန်မာနှင့် ဂျပန် ဖလှယ်ရေးဟူသော သူ၏ရည်မှန်းချက်သည် သူကဲ့သို့ အပျော်တမ်းတစ်ဦးအတွက် မဖြစ်နိုင်သောအရာများလားဟု သူတွေးတောလာခဲ့သည်။ ထိုအချိန်တွင် ဂျပန်ကစားသမားများ မြန်မာနိုင်ငံသို့ လာရောက်ရန် အဆိုပြုသည့် အကြံဉာဏ်တစ်ခု မြန်မာဖက်မှ ထွက်ပေါ်လာခဲ့သည်။
ထိုကစားသမားများကို ရှာဖွေရမည့်တာဝန်မှာ တာကာမိုရီအပေါ် ကျရောက်လာခဲ့သည်။ ဂျပန်ကစားသမားများအတွက် လက်ဝှေ့စည်းမျဉ်းများသည် လုံးဝအသစ်အဆန်း ဖြစ်နေခဲ့သည်။ လက်အိတ်မပါဘဲ ပတ်တီးသာ အသုံးပြုရခြင်းနှင့် ယခင်ကိုယ်ခံပညာအားကစား ပြိုင်ပွဲအားလုံးတွင် တားမြစ်ထားသော ခေါင်းတိုက်ခွင့်ပင် ပါဝင်နေခြင်း စသည့် ပြင်းထန်သော စည်းမျဉ်းများကြောင့် ကစားသမားများကို စုစည်းရန် ခက်ခဲခဲ့သည်။
ထိုအခါ တာကာမိုရီသည် သူ၏ဇာတိမြို့မှ လူခံတစ်ဦးဖြစ်သူ PANCRASE ခေါ် MMA အားကစားအဖွဲ့အစည်း၏ ဥက္ကဋ္ဌ မာဆာမီ အိုဇာကီ (Masami Ozaki) ကို သတိရသွားခဲ့သည်။ အိုဇာကီက တာကာမိုရီကို All Japan Kickboxing Federation မှ မိဆုရု မီယာတာ (Mitsuru Miyata) နှင့် ဆက်သွယ်ပေးခဲ့ပြီး မီယာတာမှတစ်ဆင့် ပါဝင်ယှဉ်ပြိုင်မည့်သူများကို ဖိတ်ခေါ်ခဲ့သည်။
အဖွဲ့အစည်းနှစ်ခုမှ တုံ့ပြန်လာခဲ့သည်။ ယိုရှီနိုရီ နီရှီ (Yoshinori Nishi) ဦးဆောင်သော Wajutsu Keishukai နှင့် ကန်နီချိ တာနာကာ (Kenichi Tanaka) ညွှန်ကြားသော Tanaka-juku တို့ ဖြစ်ကြသည်။

ပါဝင်ရန် သဘောတူခဲ့ကြသော ကစားသမားများနှင့် ပတ်သက်၍ တာကာမိုရီက ဤသို့ ပြန်လည်သုံးသပ်ခဲ့သည်၊
“သူတို့ ပါဝင်ရတဲ့ အကြောင်းရင်းက ပွဲကြေးကြောင့် မဟုတ်ပါဘူး။ အဲဒီအချိန်က ဂျပန်တိုက်ခိုက်ရေးသမားတွေအတွက် ပွဲကြေးကနည်းပါးပြီး အချိန်ပိုင်းအလုပ်တစ်ခုမှာ တစ်ရက်တည်းနဲ့ ရှာလို့ရတဲ့ ပမာဏလောက်ပဲ ရှိပါတယ်။ အဲဒီ ကစားသမားလေးယောက်က ငွေကြောင့် လာခဲ့ကြတာ မဟုတ်ပါဘူး။ သူတို့ဟာ ခေါင်းတိုက်ခွင့်တောင် ပြုထားပြီး အမျိုးသားအားကစားလို့ ခေါ်ဆိုနိုင်တဲ့ ရိုးရာအဆင့်အတန်းရှိတဲ့၊ မသိကျွမ်းသေးတဲ့ နိုင်ငံတစ်ခုရဲ့ အဲဒီမြေနဲ့သာ သီးသန့်သက်ဆိုင်တဲ့ အားမာန်ပြင်းထန်တဲ့ တိုက်ခိုက်ရေးပညာရပ်တစ်ခုမှာပါတဲ့ စိန်ခေါ်မှုအတွက် လာခဲ့ကြတာပါ။ ဒါ့အပြင် ဒါဟာ မည်သည့်ဂျပန်လူမျိုးမှ မကြုံဖူးသေးတဲ့ တရားဝင် နိုင်ငံအဆင့်ပွဲတစ်ခု ဖြစ်နေလို့ပါပဲ။
မသိကျွမ်းသေးတဲ့အရာကို စိန်ခေါ်ချင်တဲ့ စိတ်ဓာတ်က သူတို့ကို လှုံ့ဆော်ပေးခဲ့တာပါ။ ကျွန်တော့်လိုပါပဲ၊ သူတို့ရှေ့မှာ ရှိနေတဲ့ ‘မသိရသေးတဲ့ တောင်ကြီး’ က မြင့်မားနေလို့ပါပဲ။ တောင်ကြီး ပိုမြင့်လေလေ၊ သူတို့ရဲ့ စိတ်ဓာတ်တွေဟာ တာဝန်ယူလိုစိတ်၊ ကျော်လွှားလိုစိတ်တွေနဲ့အတူ ပိုမိုမြင့်တက်လာလေလေပဲလို့ ကျွန်တော် ခံစားခဲ့ရပါတယ်။”

ထိုခုနစ်နှစ်တာ ကြိုးစားအားထုတ်မှု ကာလတစ်လျှောက်လုံးတွင် တာကာမိုရီသည် သူ၏ ကိုယ်ပိုင်နေထိုင်စားသောက်စရိတ်များကို လျှော့ချကာ မြန်မာနိုင်ငံသို့ အကြိမ်ကြိမ် သွားရောက်နိုင်ရန် ကိုယ်တိုင်ငွေကြေးစိုက်ထုတ်ခဲ့သည်။ သူသည် ချမ်းသာသောသူ တစ်ဦးမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ သို့တိုင်အောင် ဤတောင်ကြီးကို တက်ရန် သူ ခိုင်မာစွာ ဆုံးဖြတ်ထားခဲ့သည်။
မြန်မာ နှင့် ဂျပန် ပြိုင်ပွဲ (ဇူလိုင် ၂၀၀၄)
ပထမဆုံး နိုင်ငံတကာ လက်ဝှေ့ချစ်ကြည်ရေးပြိုင်ပွဲဖြစ်သော မြန်မာ (၄) ဦး နှင့် ဂျပန် (၄) ဦး ယှဉ်ပြိုင်သည့်ပြိုင်ပွဲကို ၂၀၀၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နှင့် (၁၁) ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအမျိုးသား မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့သည်။ ဤပွဲဖြစ်မြောက်လာရန် ခုနစ်နှစ်ကြာ အချိန်ယူခဲ့ရသည်။



“ပွဲကျင်းပဖို့ အတည်ပြုလိုက်ပြီဆိုတဲ့ သတင်းကို ဦးဝင်းဇင်ဦးဆီက ကြားလိုက်ရတဲ့အခါ ကျွန်တော် အရမ်းဝမ်းသာလွန်းလို့ ကခုန်မိပါတယ်”
ဟု တာကာမိုရီက ပြောခဲ့သည်။
ပြင်ဆင်မှုလုပ်ငန်းစဉ်များကလည်း ဇာတ်လမ်းရှည်းတစ်ပုဒ်လို ဖြစ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းကာလဖြစ်သည့်အတွက် လက်ရှိအချိန်နှင့် နှိုင်းယှဉ်ပါက ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နှင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံများမှာ အလွန်ကန့်သတ်ချက်ရှိပြီး ဓာတ်ပုံများကို ၂၀၀ ကီလိုဘိုက် အောက်ရှိမှသာ ပေးပို့နိုင်ခဲ့သည်။ တာကာမိုရီနှင့် ဦးဝင်းဇင်ဦးတို့သည် စက္ကန့် (၃၀) မှ စက္ကန့် (၆၀) အတွင်း ပြတ်တောက်သွားတတ်သော စျေးကြီးသည့် နိုင်ငံတကာဖုန်းခေါ်ဆိုမှုများကိုသာ အားထားခဲ့ရသည်။ ပြတ်တောက်သွားသော် ပြန်လည်ချိတ်ဆက်ရာတွင် နာရီပေါင်းများစွာ ကြာမြင့်နိုင်သည်။ ကစားသမားများ၏ အချက်အလက်များကို အပြန်အလှန် ဖလှယ်ရာတွင်လည်း အခက်အခဲများစွာ ရှိခဲ့သည်။
ရန်ကုန်သို့ သွားရောက်ခဲ့သော အဖွဲ့သည် လုပ်ငန်းထုံးစံ စံနှုန်းအရ မဟုတ်စေကာမူ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အလွန်အားကောင်းခဲ့သည်။ တာကာမိုရီ ငယ်စဉ်ကတည်းက အားကျလေးစားခဲ့ရသော ပထမဆုံး နိုင်ငံခြားသားမွေထိုင်းချန်ပီယံ ဖြစ်ခဲ့ဖူးသည့် ဂန္ထဝင် ကိုယ်ခံပညာရှင် တိုရှီအို ဖူဂျီဝါရာ (Toshio Fujiwara) က အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး ကစားသမားများကို ပွဲမတိုင်မီ လမ်းညွှန်မှုများ ပေးခဲ့သည်။ ဂျပန်ကိုယ်စားလှယ်အဖွဲ့သည် (၁) ပွဲနိုင်၊ (၂) ပွဲရှုံး၊ နှင့် (၁) ပွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။

အဆိုပါပြိုင်ပွဲကို ဂျပန်လူထုမီဒီယာများမှ သတင်းယူခဲ့ပြီး ကိုယ်ခံပညာအားကစား မဂ္ဂဇင်းများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ ရွှေခါးပတ်ချန်ပီယံ မိုးပုလဲ၏ အားကစားရုံမှ လူငယ်တန်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အသက် (၁၂) နှစ်အရွယ် မြန်မာလူငယ်လေး ‘ငယ်ငယ်’ ၏ ဇာတ်လမ်းကို တီဗီအစီအစဉ်ရိုက်ကူးရေးအဖွဲ့တစ်ခုက ရိုက်ကူးခဲ့သည်။ Hodo Station (TV Asahi) တွင် ထုတ်လွှင့်ခဲ့သော ထိုအစီအစဉ်သည် ၎င်းတို့အစီအစဉ်သမိုင်းတစ်လျှောက် ကြည့်ရှုသူအများဆုံးစံချိန်ကို တင်နိုင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် လက်ဝှေ့အားကစားသည် ဂျပန်နိုင်ငံတစ်ဝန်းတွင် ရုတ်တရက် လူသိများလာခဲ့သည်။

“မြန်မာ့ရိုးရာ ကိုယ်ခံပညာဖြစ်တဲ့ လက်ဝှေ့ကတစ်ဆင့် မြန်မာနိုင်ငံဟာ ဂျပန်မှာ လူသိများလာခဲ့ပါတယ်။ ဒီပွဲမတိုင်မီ ခုနစ်နှစ်တာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို မေ့ပျောက်သွားစေလောက်အောင်ကို အဲဒီဝမ်းသာပီတိက လုံလောက်ခဲ့ပါတယ်”
ဟု တာကာမိုရီက ပြန်လည်သုံးသပ်ခဲ့သည်။
အပိုင်း (၃) တွင် ဆက်လက်ဖော်ပြပါမည်။