လက်ဝှေ့သည် အကြမ်းတမ်းဆုံးနှင့် အပင်ပန်းဆုံး ကိုယ်ခံပညာအားကစားနည်းများထဲမှ တစ်ခုအဖြစ် လူသိများသည်။ လူအများစုသည် ပြင်းထန်သော လက်သီးချက်များ၊ တံတောင်ရိုက်ချက်များနှင့် ခေါင်းတိုက်ခြင်းများကို သတိထားမိကြသော်လည်း အချုပ်အသိုင်း သည်လည်း တန်းတူအရေးကြီးပါသည်။ လက်ဝှေ့တွင် အချုပ်အသိုင်းဆိုသည်မှာ ကစားသမားနှစ်ဦး အချင်းချင်း ဖက်ထားရုံသက်သက်မဟုတ်ပါ။ ၎င်းသည် ထိန်းချုပ်နိုင်မှု၊ ခံနိုင်ရည်၊ ဟန်ချက်ညီမှုနှင့် နည်းဗျူဟာတို့ကို စမ်းသပ်ခြင်းဖြစ်သည်။
အချုပ်အသိုင်းဆိုသည်မှာ ဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ
အချုပ်အသိုင်းဆိုသည်မှာ မတ်တတ်ရပ်လျက် အနီးကပ်နပန်းလုံးဖမ်းချုပ်သည့် အနေအထားဖြစ်ပြီး ကစားသမားများသည် ကိုယ်နေဟန်ထား၊ ဟန်ချက်နှင့် လှုပ်ရှားမှုတို့ကို ထိန်းချုပ်ရန် တိုက်ပွဲဝင်ကြသည်။
လက်ဝှေ့တွင် အချုပ်အသိုင်းလုပ်ခြင်းသည် အနီးကပ်တိုက်ကွက်များကို ပိုမိုများပြားစွာ အသုံးပြုနိုင်စေသည်။ ၎င်းသည် အချုပ်အသိုင်းကို အခြားသော ကိုယ်ခံပညာအားကစားများနှင့် တိုက်ခိုက်ရေးပညာများထက် ပိုမိုကြမ်းတမ်းစေပြီး ခန့်မှန်းရခက်စေသည်။ ကစားသမားများသည် ၎င်းတို့၏ ပြိုင်ဘက်၏ ခေါင်း၊ လည်ပင်း၊ ကိုယ်လုံး သို့မဟုတ် ခြေလက်များကို ဖမ်းဆုပ်နိုင်ပြီး ဒူး၊ တံတောင်၊ လက်သီးတို့ဖြင့် တိုက်ခိုက်နိုင်သည်။ ထို့အပြင် ၎င်းတို့သည် ပြိုင်ဘက်များကို အနီးကပ်အကွာအဝေးမှ ခြေခတ်ခြင်း၊ ပစ်ပေါက်ခြင်း၊ လဲကျအောင်လုပ်ခြင်းနှင့် ချုပ်သိုင်းခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။
ကစားသမားနှစ်ဦး အနီးကပ်လာကာ တစ်ဦးနှင့်တစ်ဦး၏ လည်ပင်း၊ ပခုံးနှင့် ကိုယ်လုံးများကို လက်ဖြင့် ရစ်ပတ်ဖမ်းဆုပ်လိုက်သောအခါ အချုပ်အသိုင်း စတင်သည်။ ဖမ်းချုပ်မိသည်နှင့် တစ်ဦးကိုတစ်ဦး ထိန်းချုပ်ရန်နှင့် တိုက်ကွက်များ မပြုလုပ်နိုင်စေရန် ကြိုးစားကြသည်။
စတင်လေ့လာသူများအတွက် အချုပ်အသိုင်းသည် ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း ကျွမ်းကျင်သော ကစားသမားများကမူ ၎င်းသည် ဂရုတစိုက်ရှိသော နည်းစနစ်နှင့် နည်းဗျူဟာတို့ လိုအပ်ကြောင်း သိကြသည်။ အမှားအယွင်း အနည်းငယ်ပင်လျှင် ကြီးမားသော ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ဟန်ချက်နှင့် နေရာယူမှု ဆုံးရှုံးသွားသော ကစားသမားသည် မျက်နှာကို ဒူးဖြင့်တိုက်ခံရခြင်း၊ ခေါင်းကို တံတောင်ဖြင့် အရိုက်ခံရခြင်း သို့မဟုတ် မြေကြီးပေါ်သို့ ရုတ်တရက် ပစ်ချခံရခြင်းစသည့် အန္တရာယ်များနှင့် ကြုံတွေ့ရနိုင်သည်။ ဤအန္တရာယ်ကြောင့် ဟန်ချက်ညီမှုနှင့် ခန္ဓာကိုယ်အနေအထားကို ထိန်းသိမ်းခြင်းသည် အလွန်အရေးကြီးသည်။
ရှေးရိုးဆိုရိုးစကားတစ်ခုက လက်ဝှေ့တွင် အချုပ်အသိုင်း၏ အရေးပါမှုကို ဤသို့ဖော်ပြထားသည်:
အချုပ်အသိုင်း ပိုင်ရင် လုပ်တိုင်း နိုင်တယ်
“The Master of the Clinch Will Win All Fights”

အချုပ်အသိုင်းလုပ်ရန် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ
အချုပ်အသိုင်းသည် ခန္ဓာကိုယ်အတွက် အလွန်ပင်ပန်းစေနိုင်သည်။ အချိန်ကြာမြင့်သော အချုပ်အသိုင်းတိုက်ပွဲများတွင် ကစားသမားများသည် အဓိကကြွက်သားစုများ အားလုံးနီးပါးကို အသုံးပြုကြသည်။ လည်ပင်း၊ ပခုံး၊ လက်မောင်း၊ ကျော၊ ခြေထောက်နှင့် ဝမ်းဗိုက်ပိုင်းကြွက်သားများ အားလုံးသည် ထိန်းချုပ်ထားနိုင်ရန် အတူတကွ အလုပ်လုပ်ကြသည်။ ကစားသမားများသည် အမြဲတမ်း တွန်းခြင်း၊ ဆွဲခြင်းနှင့် ချိန်ညှိခြင်းများကို ပြုလုပ်နေရသောကြောင့် အချုပ်အသိုင်းသည် ခွန်အားကို လျင်မြန်စွာ ကုန်ဆုံးစေသည်။ အနားယူရန် အခွင့်အရေးပေးနိုင်သော အဝေးကွာမှ ထိုးသတ်ခြင်းများနှင့်မတူဘဲ အချုပ်အသိုင်းသည် ကစားသမားများကို အချိန်ပြည့် လှုပ်ရှားနေစေသည်။ ပြင်းထန်သော အချုပ်အသိုင်းတစ်ချီသည် ကစားသမားတစ်ဦးကို စက္ကန့်အနည်းငယ်အတွင်းပင် အလွန်အမင်း မောပန်းသွားစေနိုင်သည်။
သက်လုံနှင့် ခွန်အားတို့သည် လက်ဝှေ့သမားတစ်ဦးအတွက် အရေးအကြီးဆုံး အရည်အသွေး နှစ်ခုဖြစ်သည်။ အချုပ်အသိုင်းတွင် ၎င်းသည် ပို၍ပင် အရေးကြီးပါသည်။ လက်သီးထိုးချက် အကွာအဝေးမှ တိုက်ခိုက်ရာတွင် နှလုံးကြွက်သားဆိုင်ရာ သို့မဟုတ် အေရိုးဗစ်ခံနိုင်ရည် (အောက်ဆီဂျင်သုံးသည့် အားစိုက်ထုတ်နိုင်စွမ်း) တို့သည် အရေးပါပါသည်။ မြန်ဆန်သော ခြေကန်ချက်နှင့် လက်သီးတွဲလုံးများကို ပြုလုပ်ရာတွင်လည်း အန်အေရိုးဗစ်ခံနိုင်ရည် (အောက်ဆီဂျင်မသုံးဘဲ ရုတ်တရက် အားစိုက်ထုတ်နိုင်စွမ်း) သည် အခန်းကဏ္ဍတစ်ခုမှ ပါဝင်သည်။ သို့ရာတွင် အချုပ်အသိုင်းတွင် အေရိုးဗစ်ကြံ့ခိုင်မှုသည် အရေးကြီးသော်လည်း အန်အေရိုးဗစ်ခံနိုင်ရည်သည် ပို၍ပင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အတွေ့အကြုံရှိသော ကစားသမားများသည် အချိန်ကြာမြင့်မည့် အချုပ်အသိုင်းတိုက်ပွဲများအတွက် သူတို့၏ ခန္ဓာကိုယ်ကို ပြင်ဆင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့်ကြသည်။
ပြိုင်ဘက်၏ ဦးခေါင်းကို ထိန်းချုပ်ခြင်းသည် အဓိကကျသောကြောင့် အချုပ်အသိုင်းတွင် လည်ပင်းအားနှင့် ခါးအား ကြံ့ခိုင်မှုသည် အထူးအရေးကြီးပါသည်။ ကစားသမားနှစ်ဦးစလုံးသည် ခေါင်းကို ထိန်းချုပ်နိုင်ခြင်းမှတစ်ဆင့် အချုပ်အသိုင်းတွင် အသာစီးရရန် စဉ်ဆက်မပြတ် ကြိုးပမ်းနေကြမည်ဖြစ်သည်။ လည်ပင်းကြံ့ခိုင်မှုသည် ကစားသမားအား အားနည်းသော အနေအထားသို့ ဆွဲချမခံရစေရန် ကာကွယ်ပေးသည်။ ခိုင်မာသော လည်ပင်းရှိခြင်းကလည်း ကစားသမားအား ၎င်း၏ ပြိုင်ဘက်၏ ကိုယ်နေဟန်ထားကို ထိန်းချုပ်နိုင်စေသည်။ ကစားသမားမျာအဖို့ ဒူးတိုက်ရန်၊ ခြေခတ်ခံရခြင်းမှ ကာကွယ်ရန်နှင့် လှဲချခြင်းကို တားဆီးရန် ဟန်ချက်လိုအပ်သောကြောင့် ခြေထောက်ကြံ့ခိုင်မှုသည်လည်း အရေးကြီးပါသည်။
နည်းစနစ်နှင့် ခွန်အားအပေါ် ထိန်းချုပ်မှု
အချုပ်အသိုင်းသည် ခွန်အားချည်းသာ မဟုတ်ပါ။ အချိန်ကိုက်လှုပ်ရှားမှုနှင့် နည်းစနစ်ကျမှုတို့သည် သဘာဝခွန်အားသက်သက်ထက် ပို၍အရေးပါလေ့ရှိသည်။ ကျွမ်းကျင်သော ကစားသမားများသည် တိုက်ကွက် ထောင့်များဖန်တီးခြင်း၊ ၎င်းတို့၏ ကိုယ်အလေးချိန်ဖိသည့်နေရာကို ရွှေ့ပြောင်းခြင်းနှင့် ပြိုင်ဘက်များ၏ ဟန်ချက်ကို ပျက်ပြားစေကာ ဒူးတိုက်ခြင်း၊ ခေါင်းတိုက်ခြင်း သို့မဟုတ် လဲကျအောင် ပြုလုပ်ခြင်းများကို မည်သို့လုပ်ဆောင်ရမည်ကို သိရှိကြသည်။ လက်ဝှေ့တွင် ပစ်ချခြင်း၊ ခြေထိုးခြင်းနှင့် ခြေခတ်ခြင်းတို့ကို အချုပ်အသိုင်း၌ ပြုလုပ်လေ့ရှိသည်။ အချုပ်အသိုင်းတွင် ပြိုင်ဘက်ကို ဟန်ချက်ပျက်ပြားစေခြင်းဖြင့် ကစားသမားတစ်ဦးသည် သတ်ခတ်ခြင်းနှင့် အခြားသော မတ်တတ်ရပ် နည်းစနစ်များတွင် အသာစီးရရှိစေသည်။
ခေါင်းနှင့်ခါးကို ထိန်းချုပ်ခြင်းသည် အချုပ်အသိုင်း၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်။ ပြိုင်ဘက်၏ ခေါင်းကို ထိန်းချုပ်ခြင်းဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ကိုပါ ထိန်းချုပ်ပြီး ၎င်းတို့၏ အနေအထား နေရာယူမှုကိုပါ လွှမ်းမိုးနိုင်သည်။ ယင်းဖြင့် ပြိုင်ဘက်၏ လှုပ်ရှားမှုကို ကန့်သတ်နိုင်စေပြီး ပြိုင်ဘက်အဖို့ မိမိကိုယ်ကို ကာကွယ်ရန် ပိုမိုခက်ခဲသွားစေသည်။ ပြိုင်ဘက်ကို တွန်းတိုက်လှည့်ပတ်နေစဉ်အတွင်း ဒူးနှင့် တံတောင် တိုက်ချက်များအတွက် အနေအထားကို ထိန်းချုပ်နိုင်ခြင်းဖြင့် လက်သီးများ သို့မဟုတ် ခေါင်းတိုက်ခြင်းများအတွက် အခွင့်အရေးများ ပွင့်သွားစေနိုင်သည်။
အချုပ်အသိုင်းအပေါ်သို့ ဗလာလက်သီး၏သက်ရောက်မှု
ခေတ်သစ်ကိုယ်ခံပညာအားကစားများအကြား လက်ဝှေ့၏ထူးခြားချက်မှာ လက်ဝှေ့တွင် လက်ဗလာဖြင့် ယှဉ်ပြိုင်ခွင့် ပြုထားခြင်းဖြစ်သည်။ ကစားသမားများသည် ၎င်းတို့၏ လက်များကို ပတ်တီးနှင့် တိပ်များဖြင့် ပတ်ထားသော်လည်း ၎င်းတို့၏ လက်ချောင်းများမူ ဆက်လက်ဖော်ထားလျက်ရှိသည်။
လက်အိတ်မပါဘဲ တိုက်ခိုက်ခြင်းသည်အချုပ်အသိုင်း၏ အလုပ်လုပ်ပုံကို ပြောင်းလဲစေသည်။ လက်ဗလာဖြစ်ခြင်းသည် ကစားသမားများကို ပိုမိုကောင်းမွန်သော ဆုပ်ကိုင်နိုင်မှုနှင့် ပြုလွယ်ပြောင်းလွယ်မှုကို ပေးစွမ်းနိုင်ပြီး ဖမ်းဆုပ်ရန်၊ ပိုမိုများပြားသော နည်းစနစ်မျိုးစုံကို အသုံးပြုရန်နှင့် ပြိုင်ဘက်များကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူစေသည်။ ဗလာလက်သီးကွက်များသည် လက်အိတ်ဖြင့် ထိုးခြင်းထက် ကွဲခြင်းနှင့် ထိခိုက်ဒဏ်ရာများကို များစွာ ပိုမိုလွယ်ကူစွာ ဖြစ်စေနိုင်သည်။
လက်အိတ်မပါခြင်းကြောင့် ကစားသမားများသည် အချုပ်အသိုင်းတွင် ပြိုင်ဘက်၏ လက်မောင်းများနှင့် လက်ကောက်ဝတ်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းရှိသည်။ လက်အိတ်ဝတ်ဆင်ရသော ကိုယ်ခံပညာ အားကစားများတွင် လက်အိတ်များက ဖမ်းဆုပ်ခြင်း၊ ကိုင်ဆွဲထားခြင်းနှင့် ချုပ်ခြင်းတို့ကို ပိုမိုခက်ခဲစေသည်။ လက်ဝှေ့တွင် ကစားသမားများသည် သဘာဝကျစွာ ဆုပ်ကိုင်နိုင်ပြီး နပန်းလုံးခြင်းနှင့် ထိုးသတ်ခြင်း နှစ်မျိုးကြား လျင်မြန်စွာ ကူးပြောင်းနိုင်စေသည်။ ၎င်းသည် ပြင်းထန်သော အပြန်အလှန် တိုက်ခိုက်မှုများကို ဖြစ်ပေါ်စေပြီး လက်ဗလာ အချုပ်အသိုင်းက လက်သီးများ၊ တံတောင်များ၊ ဒူးများနှင့် ခေါင်းတိုက်ခြင်းများကို မည်သည့်ထောင့်မှမဆို ဝင်ရောက်လာနိုင်စေသည်။
စိတ်ပိုင်းဆိုင်ရာဖိအားနှင့် ဗျူဟာပိုင်းထိန်းချုပ်မှု
အချုပ်အသိုင်း၏ စိတ်ပိုင်းဆိုင်ရာကဏ္ဍသည် ရုပ်ပိုင်းဆိုင်ရာကဏ္ဍကဲ့သို့ပင် အရေးကြီးပါသည်။ အချုပ်အသိုင်းသည် ကစားသမားများကို ကြီးမားသော ဖိစီးမှုအောက်သို့ ရောက်စေသည်။ ၎င်းတို့သည် ပြိုင်ဘက်နှင့် လက်မအနည်းငယ်သာ ကွာဝေးသော အခြေအနေတွင်ပင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သွေးပျက်ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း ဖြစ်ပေါ်ပါက လျင်မြန်စွာ ရှုံးနိမ့်သွားနိုင်သည်။ ကျွမ်းကျင်သော အချုပ်အသိုင်းကစားသမားများသည် ဖိအားကို ဆက်လက်ထိန်းသိမ်းထားခြင်းနှင့် ပြိုင်ဘက်များကို မောပန်းစေသော တိုက်ပွဲများအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းခြင်းဖြင့် ထိုပြိုင်ဘက်များကို စိတ်ပိုင်းဆိုင်ရာအရ အင်အားချည့်နဲ့အောင် ပြုလုပ်နိုင်သည်။
ကျွမ်းကျင်သော ကစားသမားများသည် ပွဲ၏ အရှိန်အဟုန်ကို ထိန်းချုပ်ရန် အချုပ်အသိုင်းကို အသုံးပြုကြသည်။ အချုပ်အသိုင်းလုပ်ခြင်းသည် ခက်ခဲနိုင်သော်လည်း ၎င်းသည် ပြင်းထန်သော အပြန်အလှန် ထိုးသတ်မှုများအပြီးတွင် ကစားသမားများအား ခေတ္တအနားယူရန် အခွင့်အရေးကိုလည်း ပေးစွမ်းနိုင်သည်။ ၎င်းတို့သည် အရှိန်ကို လျှော့ချကာ ပြိုင်ဘက်အပေါ် မှီထားနိုင်ပြီး ဆက်လက် တက်ကြွစွာလှုပ်ရှားနေစဉ်မှာပင် ခွန်အားကို ထိန်းသိမ်းထားစေနိုင်သည်။ အကောင်းဆုံးသော ကစားသမားများသည် စည်းချက်၊ အရှိန်အဟုန်နှင့် သူတို့၏ ခွန်အားတို့ကို မည်သို့ စီမံခန့်ခွဲရမည်ကို သိရှိကြသည်။
အချုပ်အသိုင်းအတွင်း ခန့်မှန်းရခက်ခြင်းနဲ့ လိုက်လျောညီထွေပြောင်းလဲခြင်း
လက်ဝှေ့သည် အချုပ်အသိုင်းအတွင်း တိုက်ခိုက်မှုအမျိုးအစားများစွာကို ခွင့်ပြုထားသောကြောင့် ကစားသမားများသည် အစဉ်မပြတ် ပြောင်းလဲတုံ့ပြန်နေရမည်ဖြစ်သည်။ ဒူးတိုက်ခြင်းကို ကာကွယ်နေသူတစ်ဦးသည် ရုတ်တရက် ခြေခတ်ခံရခြင်း သို့မဟုတ် ခေါင်းတိုက်ခံရခြင်းတို့နှင့် ကြုံတွေ့ရနိုင်သည်။ အလားတူပင် ပစ်ပေါက်ရန် ကြိုးစားခြင်းကလည်း ကစားသမားကို တန်ပြန်တိုက်ခိုက်ခံရနိုင်သည့် အနေအထားသို့ ရောက်သွားစေနိုင်သည်။ ဤသို့ ခန့်မှန်းရခက်ခြင်းကြောင့် ကစားသမားများအနေဖြင့် အချိန်တလျှောက်လုံး သတိထားရှိနေရမည်။
အချုပ်အသိုင်းအတွက် လေ့ကျင့်ခြင်း
အချုပ်အသိုင်းအတွက် ကြိုတင်ပြင်ဆင်မှုသည် လက်ဝှေ့လေ့ကျင့်ရေး၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကစားသမားများသည် အချုပ်အသိုင်းကို ကျွမ်းကျင်ပိုင်နိုင်ရန် လိုအပ်သော ဟန်ချက်ညီမှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ်စွမ်းရည်များကို တည်ဆောက်ရန် အချိန်နှင့် ကြိုးစားအားထုတ်မှုများစွာကို ရင်းနှီးမြှုပ်နှံကြသည်။ လေ့ကျင့်ရေးတွင် တစ်ဦးချင်းအချုပ်အသိုင်းပြိုင်ဆိုင်ခြင်း၊ ခံနိုင်ရည်လေ့ကျင့်ခန်းများ၊ မတ်တတ်ရပ်လုံနပန်းလုံးခြင်းနှင့် အနီးကပ်တိုက်ကွက်နည်းစနစ်များကို အများအပြားလေ့ကျင့်ခြင်းနှင့် အချုပ်အသိုင်းခံစစ်တို့ ပါဝင်လေ့ရှိသည်။ လေ့ကျင့်မှုများမှတစ်ဆင့် ငယ်ရွယ်၍အတွေ့အကြုံနည်းသော ကစားသမားများသည် အချုပ်အသိုင်းတွင် ပြင်းထန်နိုင်စွမ်းနည်းတူ သည်းခံနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းတို့ကလည်း အရေးပါကြောင်း သင်ယူကြရသည်။
အချုပ်အသိုင်းအတွင်း ရနိုင်ခြေအန္တရာယ်နှင့်ဒဏ်ရာများ
လက်ဝှေ့တွင် အချုပ်အသိုင်းသည် ကြီးမားသော ထိခိုက်ဒဏ်ရာများကို ဖြစ်စေနိုင်သည်။ သို့ဖြစ်၍ အချုပ်အသိုင်း အနေအထားတွင် ဆက်လက်ရှိနေခြင်းသည် ကစားသမားများအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို တိုးမြင့်စေသည်။ ဤအားကစားတွင် လက်ဗလာဖြင့် ထိုးသတ်ခြင်းများနှင့် ခေါင်းတိုက်ခြင်းများကို ခွင့်ပြုထားသောကြောင့် ထိခိုက်ဒဏ်ရာရခြင်းများမှာ အဖြစ်များသည်။ အချုပ်အသိုင်းတွင် ၎င်းတို့သည် အကြိမ်အရေအတွက်ရော ပြင်းအားပါ သိသိသာသာ မြင့်တက်လာသည်။ ကစားသမားများသည် ပြင်းထန်သော အချုပ်အသိုင်းတိုက်ခိုက်မှုများအတွင်း အကွဲဒဏ်ရာများ၊ ပွန်းပဲ့ဒဏ်ရာများ၊ အရိုးကျိုးခြင်းများနှင့် ဦးနှောက်ထိခိုက်ခြင်းများကို မကြာခဏ ခံစားရလေ့ရှိသည်။ အချုပ်အသိုင်းတွင် ဖြစ်ပေါ်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတို့သည် လက်ဝှေ့ကို ကမ္ဘာ့အကြမ်းတမ်းဆုံး ကိုယ်ခံပညာ အားကစားနည်းများထဲမှ တစ်ခုအဖြစ် ရှုမြင်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။
လက်ဝှေ့၏ ပိုမိုနက်နဲသောအဓိပ္ပာယ်
ဤအန္တရာယ်များ ရှိနေသော်လည်း တိုက်ခိုက်ရေးသမားအများအပြားသည် ဂုဏ်သိက္ခာ၊ ရိုးရာအစဉ်အလာနှင့် ပညာရပ်အပေါ် လေးစားမှုတို့ကြောင့် ဆက်လက်ယှဉ်ပြိုင်နေကြသည်။
လက်ဝှေ့သည် အကြမ်းဖက်မှုသက်သက်ထက် များစွာပိုပါသည်။ သွေး၊ ချွေးနှင့် ပြင်းထန်မှုတို့၏ အလွန်တွင် စည်းကမ်း၊ သတ္တိ၊ ခံနိုင်ရည်၊ နည်းဗျူဟာနှင့် ပြင်းပြသောဆန္ဒတို့တွင် အမြစ်တွယ်နေသည့် တိုက်ခိုက်ရေးအားကစားနှင့် ကိုယ်ခံပညာရပ်တစ်ရပ် တည်ရှိနေသည်။ အချုပ်အသိုင်းတွင် ဤအရည်အသွေးများအားလုံးကို လိုအပ်သလို ဖော်လည်းဖော်ပြနေသည်။ ၎င်းသည် ခွန်အား၊ သက်လုံနှင့် ကြံ့ခိုင်မှုကိုသာမက ဉာဏ်ရည်ဉာဏ်သွေး၊ တည်ငြိမ်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကိုပါ စမ်းသပ်သည်။
အချုပ်အသိုင်းသည် လက်ဝှေ့၏ နှလုံးသားဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ၎င်းသည် ပွဲကို ထိုးသတ်ခြင်းသက်သက်မှ ထိန်းချုပ်နိုင်မှုနှင့် လွှမ်းးမိုနိုင်မှုတို့ ရရှိဖို့ရန် ရှုပ်ထွေးသော ရုန်းကန်မှုအဖြစ်သို့ ပြောင်းလဲပေးသည်။ ရှိသမျှ အနေအထား၊ နည်းစနစ်၊ ပစ်ပေါက်မှုနှင့် လဲကျအောင်ပြုလုပ်မှု အားလုံးတိုင်းသည် အရေးပါသည်။ ဖမ်းဆုပ်ချက် ပြောင်းလဲခြင်းတိုင်း၊ ဟန်ချက်ပြောင်းလဲမှုတိုင်းနှင့် တိုက်ကွက်တိုင်းသည် ရလဒ်ကို ဆုံးဖြတ်ပေးနိုင်သည်။
ယင်းကြောင့်ပင် အချုပ်အသိုင်းသည် လက်ဝှေ့၏ အရေးအပါဆုံး၊ အလေးစားခံရဆုံးနှင့် အကြောက်ရဆုံး အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်နေခြင်းမှာ နားလည်နိုင်ဖွယ်ဖြစ်သည်။ ၎င်းသည် အကြမ်းခံနိုင်မှုကို ကျွမ်းကျင်မှု၊ ဗျူဟာကျစွာ ပြင်းထန်မှု၊ ပြင်းပြသောဇွဲလုံ့လအပြည့်ဖြင့် ရုပ်ပိုင်းဆိုင်ရာခွန်အားတို့နှင့် ပေါင်းစပ်ထားသည်။
မေးလေ့ရှိသော မေးခွန်းများ
၁။ လက်ဝှေ့တွင် အချုပ်အသိုင်းသည် ဘာကြောင့် အလွန်အရေးကြီးသလဲ
အကြောင်းမှာ ၎င်းသည် တက်ကြွစွာတိုက်ခိုက်ခြင်းပြုသည် နေရာအနေအထားတစ်ခု ဖြစ်သောကြောင့် ဖြစ်သည်။ ကစားသမားများသည် အချုပ်အသိုင်းအတွင်း ထိုးသတ်ခြင်း၊ ခြေခတ်လဲကျစေခြင်း၊ ပစ်ပေါက်ခြင်း၊ ပြိုင်ဘက်၏ ဟန်ချက်ကို ဖျက်ခြင်းနှင့် ထိန်းချုပ်ခြင်းများ ပြုလုပ်နိုင်သောကြောင့် ၎င်းသည် ဤအားကစား၏ အဆုံးအဖြတ်ပေးနိုင်ဆုံး အနေအထားများထဲမှ တစ်ခုဖြစ်သည်။
၂။ ဗလာလက်သီးသည် အချုပ်အသိုင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ
လက်ချောင်းများ လွတ်လပ်နေခြင်းကြောင့် လက်အိတ်ဝတ်ခြင်းထက်ပို၍ သဘာဝကျကျ ဆုပ်ကိုင်နိုင်ပြီး ထိန်းချုပ်နိုင်သည်။ ၎င်းသည် အချုပ်အသိုင်းနှင့် ထိုးသတ်တိုက်ခိုက်ခြင်းအကြား အကူးအပြောင်းများကို ပိုမိုမြန်ဆန်ချောမွေ့စေသည်။
၃။ အချုပ်အသိုင်းသည် ခွန်အားအပေါ်တွင်သာ အဓိကမူတည်ပါသလား
မဟုတ်ပါ။ အထူးသဖြင့် ကစားသမားနှစ်ဦးစလုံး ခွန်အားကြီးမားနေချိန်တွင် အချိန်ကိုက်လှုပ်ရှားမှု၊ အနေအထားယူမှုနှင့် ဟန်ချက်ညီမှုတို့သည် သာမန်ခွန်အားထက် ပို၍ အရေးကြီးလေ့ရှိသည်။
၄။ အချုပ်အသိုင်းတွင် လည်ပင်းခွန်အားသည် ဘာကြောင့် အလွန်အရေးပါသလဲ
ဦးခေါင်းကို ထိန်းချုပ်နိုင်ခြင်းသည် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်းပင် ဖြစ်လေ့ရှိသည်။ သန်စွမ်းသော လည်ပင်းသည် ကစားသမားအား ဟန်ချက်ပျက်အောင် ဆွဲချခံရခြင်းမှ ခုခံနိုင်ရန် ကူညီပေးပြီး ပြိုင်ဘက်၏ ကိုယ်နေဟန်ထားကို ကစားရန် ပိုမိုလွယ်ကူစေသည်။
၅။ ဦးခေါင်းကို ထိန်းချုပ်ခြင်းသည် ဘာကြောင့် အများဆုံးထားရှိသော ရည်မှန်းချက်တစ်ခု ဖြစ်သလဲ
ခန္ဓာကိုယ်သည် ဦးခေါင်းသွားရာသို့ လိုက်လေ့ရှိသည်။ ပြိုင်ဘက်၏ ဦးခေါင်းကို လှည့်ခြင်း၊ ဆွဲခြင်း သို့မဟုတ် အောက်သို့နှိမ့်ချခြင်းသည် ချက်ချင်းဆက်လက်တိုက်ခိုက်နိုင်သော အခွင့်အရေးများကို ဖန်တီးပေးလေ့ရှိသည်။