အကောင်းဆုံးသော လက်ဝှေ့ဆိုင်ရာ သတင်းအချက်အလက် ဗဟို

“ဂျောချိုးထားပါ” – ခဏခဏကြားရမည့် လက်ဝှေ့ သင်ကြားချက်

“ဂျောချိုးထားပါ” – ခဏခဏကြားရမည့် လက်ဝှေ့ သင်ကြားချက်

လက်ဝှေ့ကလပ်တစ်ခုခုကို ဝင်သွားလိုက်ပါ၊ သင်လေ့ကျင့်သည့် ပထမဆုံးမိနစ်အနည်းငယ်အတွင်းမှာပဲ သေချာပေါက်ကြားရမည့် ညွှန်ကြားချက်တစ်ခု ရှိပါသည်။

“ဂျောချိုးထားပါ။”
(“ဂျော” ဆိုသည်မှာ အင်္ဂလိပ်စကား “Jaw” ဖြစ်သည်။ သင့် မေးစေ့ သို့မဟုတ် မေးရိုးကို ချိုးထား၊ ခေါက်ထား၊ ငိုက်ထားပါဟု ဆိုလိုပါသည်။)

လေထဲအလွတ်ထိုး လေ့ကျင့်စဉ်တွင် ဤစကားကို သင်ကြားရပါလိမ့်မည်။ ပက် (pad) ထိုးစဉ်တွင်လည်း ကြားရပါလိမ့်မည်။ တွဲလုံးများ လေ့ကျင့်စဉ်တွင်လည်း ကြားရမည်ဖြစ်ပြီး အချင်းချင်း အစမ်းထိုးလေ့ကျင့်သည့် အခါတွင်လည်း သေချာပေါက် ကြားရပါလိမ့်မည်။ လက်ဝှေ့ကို အချိန်ကြာကြာ ဆက်ကစားဖြစ်လျှင်လည်း နောက်နှစ်ပေါင်းများစွာအထိ ဤစကားကို ဆက်ကြားနေရဦးမည် ဖြစ်သည်။

ထိုအချက် အပရိကဟု ထင်ရသော်လည်း ဂျောချိုးထားခြင်းသည် လက်ဝှေ့ကစားသမားတစ်ဦး ပျိုးထောင်သင့်သည့် အရေးကြီးဆုံး အလေ့အကျင့်များထဲမှ တစ်ခုဖြစ်သည်။

ဂျောချိုးထားရန် ဘာကြောင့် အရေးကြီးလဲ

မေးရိုးသည် ဦးခေါင်းခွံအောက်ခြေတွင် ဆက်သွယ်ထားသည့် မောင်းတံရှည်တစ်ခုကဲ့သို့ အလုပ်လုပ်သောကြောင့် အလဲထိုးရန် အထိရောက်ဆုံး ပစ်မှတ်များထဲမှ တစ်ခုဖြစ်သည်။ မေးစေ့ကို လက်သီး၊ တံတောင် သို့မဟုတ် ခေါင်းတိုက်ချက်တို့ ရှင်းလင်းစွာထိသွားပါက ဦးခေါင်းကို လျှင်မြန်စွာ လည်ထွက်သွားစေနိုင်သည်။ သင့်ဦးနှောက်သည် ဦးခေါင်းခွံအတွင်း၌ ဦးနှောက်နှင့်ကျောရိုးအရည် (cerebrospinal fluid) ဖြင့် ရေပေါ်ပေါလောပေါ်နေသကဲ့သို့ တည်ရှိနေပါသည်။ သင့်ဦးခေါင်းသည် ရုတ်တရက် ဦးတည်ရာ ပြောင်းလဲသွားသောအခါ ဦးခေါင်းခွံက အရင်ရွေ့သွားပြီး ဦးနှောက်က စက္ကန့်တစ်စိတ်စာခန့် နောက်ကျကျန်နေခဲ့သည်။

ထိုသို့ဖြစ်ပေါ်လာသော တွန်းအားများကြောင့် ဦးနှောက်သည် ဦးခေါင်းခွံအတွင်းပိုင်းကို သွားဆောင့်မိနိုင်ပြီး နူးညံ့သော ဦးနှောက်တစ်ရှူးများသည် ဆွဲဆန့်ခံရကာ ပုံမှန် အာရုံကြောလုပ်ဆောင်ချက်များကို ယာယီနှောင့်နှေးသွားစေသည်။ ထိခိုက်မှု ပြင်းထန်မှုအပေါ် မူတည်၍ ၎င်းသည် ခေါင်းမူးခြင်း၊ ဟန်ချက်ပျက်ခြင်း၊ ဦးနှောက်ထိခိုက်ခြင်း သို့မဟုတ် သတိလစ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

မေးရိုးအကာအကွယ်မရှိခြင်းသည် ခန္ဓာကိုယ်တည်ဆောက်ပုံဆိုင်ရာ ဒဏ်ရာများကိုလည်း အလွယ်တကူ ရရှိစေနိုင်သည်။ ဦးခေါင်း၏ အခြားနေရာများနှင့် နှိုင်းယှဉ်ပါက ၎င်းကို အကာအကွယ်ပေးသည့် ကြွက်သား နည်းပါးသောကြောင့် ထိခိုက်သောအခါ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်းနှင့် အခြား မျက်နှာပိုင်းဆိုင်ရာ ဒဏ်ရာများကို ရရှိရန် လွယ်ကူစေပါသည်။

ဂျောချိုးထားခြင်းသည် လည်ပင်းကြွက်သားများကို တင်းထားစေရန် ပြုလုပ်ရင်း သင့်မေးရိုးကို ပခုံးနှင့် လက်မများခြင်းဖြင့် အကာအကွယ်ပြုထားစေသည်။ ၎င်းသည် အလဲထိုးခံရမှု သို့မဟုတ် ဒဏ်ရာရမှုတိုင်းကို မတားဆီးနိုင်သော်လည်း ကောင်းမွန်သော မေးစေ့အနေအထားသည် အလွန်အကျွံ ခေါင်းလှုပ်ခါမှုကို လျှော့ချပေးပြီး ပြိုင်ဘက်၏တိုက်ခိုက်ချက် မေးရိုးကို ရှင်းလင်းစွာမထိစေရန်လုပ်ဆောင်ပေးသည်။ ၎င်းသည် လက်ဝှေ့တွင် အရိုးရှင်းဆုံးနှင့် အရေးအကြီးဆုံး ခံစစ်အလေ့အကျင့်များထဲမှ တစ်ခုဖြစ်သည်။

လက်ဝှေ့တွင် ပို၍ပင် အရေးကြီးသည်

တိုက်ခိုက်ရေးပညာတိုင်းတွင် ကောင်းမွန်သော ဦးခေါင်းအနေအထားကို သင်ကြားပေးကြသော်လည်း လက်ဝှေ့တွင် ၎င်းကို ပို၍ပင် အရေးကြီးစေသည့် အပြောင်းအလဲတစ်ခု ပါဝင်ထားသည်။ ယင်းမှာ ခေါင်းတိုက်ခြင်းကို တရားဝင်နည်းစနစ်တစ်ခုအဖြစ် အသုံးပြုခွင့်ပေးထားခြင်း ဖြစ်သည်။

အနီးကပ် တိုက်ခိုက်မှုများနှင့် အချုပ်အသိုင်းအတွင်း သင့်မေးစေ့ကို အပေါ်မော့ထားခြင်းသည် ပြိုင်ဘက်ကို ဖိတ်ခေါ်နေသည့် ပစ်မှတ်တစ်ခု ဖန်တီးပေးသကဲ့သို့ ဖြစ်သည်။ သင့်မေးစေ့ကို ဆွဲထားခြင်းက မေးရိုးနှင့် နှာခေါင်းထက် ပိုမိုခိုင်မာသော နဖူးအရိုးများကို သဘာဝအတိုင်း ရှေ့သို့တိုးထားပြီး သင့်ပြိုင်ဘက်အဖို့ ရှင်းလင်းစွာ ခေါင်းတိုက်ရန် သို့မဟုတ် လက်သီးထိုးရန် များစွာ ပိုမိုခက်ခဲသွားစေသည်။

သင်၏ လေ့ကျင့်မှုများ တိုးတက်လာသည်နှင့်အမျှ ကောင်းမွန်သော ဦးခေါင်းအနေအထားသည် ထိရောက်သော အချုပ်အသိုင်း နှင့် မှန်ကန်သော ခေါင်းတိုက်ခြင်း တို့၏ အခြေခံအုတ်မြစ် ဖြစ်လာကြောင်းကိုလည်း သင်ရှာဖွေတွေ့ရှိလာပါလိမ့်မည်။

မျက်စိမော့ကြည့်ထားပါ

ဂျောချိုးထားရန် ပြောခံရသည့်အခါ သင်တန်းသားသစ်များ ပြုလုပ်လေ့ရှိသော အဖြစ်အများဆုံး အမှားတစ်ခုမှာ ၎င်းတို့၏ ဦးခေါင်းတစ်ခုလုံးကို အောက်သို့ငိုက်ချလိုက်ပြီး ကြမ်းပြင်ကို တိုက်ရိုက်စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။

မြေပြင်ကို ကြည့်နေခြင်းသည် သင့်ပြိုင်ဘက်၏ လှုပ်ရှားမှုများကို သင့်မြင်ကွင်းမှ ပျောက်ဆုံးသွားစေခြင်း ဖြစ်သည်။ ဝင်ရောက်လာသော တိုက်ခိုက်မှုများ၊ အကွာအဝေး အပြောင်းအလဲများနှင့် အချုပ်အသိုင်းအကွက် တို့ကို သင်မြင်ရတော့မည်မဟုတ်။

ဂျောချိုးထားခြင်းသည် ခေါင်းကို အောက်သို့ တစ်ဆုံးငုံ့ချလိုက်ခြင်းကို မဆိုလိုပါ။ သင့်မေးစေ့သည် ရင်ဘတ်နှင့် ထိစပ်ပြီး လည်ပင်းကို ကွယ်ထားသည်အထိ ခေါင်းကို ငုံ့ပေးရမည်ဖြစ်ကာ၊ ထိုသို့လုပ်ဆောင်စဉ် သင်၏မျက်လုံးနှင့် အကြည့်ကိုမူ အပေါ်သို့ မြှင့်ထားရပါမည်။ သင့်မျက်လုံးများသည် ပြိုင်ဘက်အပေါ်၌သာ စိုက်ကြည့်ထားရပါမည်။

guard-up-eyes-front

အသုံးဝင်သော နည်းပြလမ်းညွှန်ချက်တစ်ခုမှာ သင့်ပြိုင်ဘက်ကို သင့်မျက်ခုံးများကြားမှ ကြည့်နေသည်ဟု မြင်ယောင်ကြည့်ရန်ဖြစ်သည်။ သင်၏မေးစေ့သည် မေးရိုးကို ကာကွယ်ရန် လုံလောက်ရုံသာ နိမ့်ဆင်းသွားမည်ဖြစ်ပြီး သင့်မျက်လုံးများက ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ဆက်လက်ခြေရာခံ စောင့်ကြည့်နေမည်ဖြစ်သည်။

မှန်ကန်စွာ လုပ်ဆောင်နိုင်ပါက သင်၏ ခံစစ်အနေအထားကို စွန့်လွှတ်စရာမလိုဘဲ အပြည့်အဝ ဆက်လက်သတိရှိနေစေမည်ဖြစ်သည်။

၎င်းသည် ပထမဆုံး သင်ယူရမည့် သင်ခန်းစာများထဲမှ တစ်ခုဖြစ်သည်

အစပြုလေ့လာသူများသည် နောက်ပြန်တံတောင်ရိုက်ခြင်း သို့မဟုတ် ဒူးပစ်ခြင်းကဲ့သို့သော အံ့မခန်းနည်းစနစ်များကို သင်ယူရန် မျှော်လင့်ချက်ဖြင့် ရောက်လာတတ်ကြသည်။ သို့သော် ယင်းအစား ၎င်းတို့ကို မည်သို့မတ်တပ်ရပ်ရမည်၊ မည်သို့လှုပ်ရှားရမည်၊ ခန္ဓာကိုယ်အလေးချိန်ကို မည်သို့ရွှေ့ပြောင်းရမည်နှင့် မေးရိုးကို မည်သို့ကာကွယ်ရမည်စသည့် ဆွဲဆောင်မှုမရှိလှသော အခြေခံအရေးကြီးအချက်များကိုသာ သင်ကြားပေးလေ့ရှိသည်။

ဤအခြေခံသဘောတရားများသည် အခြားအရာအားလုံးအတွက် အုတ်မြစ်ဖြစ်သည်။ ၎င်းတို့မရှိပါက သင့်ခံစစ်တွင် မလိုလားအပ်သော ဟာကွက်များကို ဖန်တီးပေးနေသောကြောင့် အကောင်းဆုံး နည်းစနစ်များပင်လျှင် ထိရောက်မှု နည်းပါးသွားပါလိမ့်မည်။

ပရော်ဖက်ရှင်နယ် တိုက်ခိုက်ရေးသမားများကိုလည်း အစပြုလေ့လာသူများနည်းတူ ၎င်းတို့၏မေးစေ့များကို အောက်ချထားရန် မကြာခဏ သတိပေးရသည်။ ပင်ပန်းနွမ်းနယ်နေချိန်၊ ဖိအားများနေချိန် သို့မဟုတ် စိတ်လှုပ်ရှားမှု မြင့်တက်နေချိန်များတွင် အတွေ့အကြုံရှိသော အားကစားသမားများပင်လျှင် ၎င်းတို့၏မေးစေ့ကို အပေါ်သို့ အမှတ်မထင် မော့သွားစေနိုင်သည်။ စက္ကန့်တစ်စိတ်စာမျှသာ ကြာရှည်သော သတိလွတ်သွားမှုတစ်ခုက ပွဲတစ်ပွဲ၏ ရလဒ်ကို လုံးဝပြောင်းလဲသွားစေနိုင်သည်။

အလေ့အကျင့်ကို တည်ဆောက်ခြင်း

ကောင်းမွန်သော မေးစေ့အနေအထားကို ပျိုးထောင်ခြင်းကို ပင်ကိုအလေ့အကျင့်တစ်ခု ဖြစ်မလာမီ အကြိမ်ပေါင်း ထောင်ချီ၍ ထပ်တလဲလဲ ပြုလုပ်ရန် လိုအပ်သည်။ ရည်ရွယ်ချက်မှာ ၎င်းကို အလိုအလျောက် ဖြစ်ပေါ်လာစေရန်ဖြစ်ပြီး လေ့ကျင့်နေစဉ် သို့မဟုတ် ယှဉ်ပြိုင်နေစဉ်အတွင်း ၎င်းအကြောင်းကို စဉ်းစားနေစရာ မလိုသည်အထိဖြစ်သည်။

သင်၏နေ့စဉ်လေ့ကျင့်ခန်းများအတွင်း ဤအလေ့အကျင့်ကို ခိုင်မာစေရန် လက်တွေ့ကျသော နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါသည်။

တင်းနစ်ဘောလုံး လေ့ကျင့်ခန်း – လေထဲအလွတ်ထိုး လေ့ကျင့်နေစဉ် သို့မဟုတ် သဲအိတ်ထိုးနေစဉ် သင့်မေးစေ့နှင့် ရင်ဘတ်အပေါ်ပိုင်းကြားတွင် တင်းနစ်ဘောလုံး သို့မဟုတ် အခြားသေးငယ်သော အရာဝတ္ထုတစ်ခုကို ညှပ်ထားပါ။ သင့်မေးစေ့ကို မော့လိုက်လျှင် သို့မဟုတ် ခန္ဓာကိုယ်အနေအထား ပျက်ယွင်းသွားပါက ထိုအရာဝတ္ထု ပြုတ်ကျသွားမည်ဖြစ်ပြီး သင့်ဦးခေါင်းအနေအထား ပြောင်းလဲသွားကြောင်း ချက်ချင်း သတိပြုမိစေမည်ဖြစ်သည်။

မှန်ဖြင့် မျက်စိအမြင်မျဉ်းကြောင်းကို စစ်ဆေးခြင်း – မှန်ရှေ့တွင် သင့်ပုံရိပ်ကို စူးစိုက်ကြည့်လျက် လေထဲအလွတ်ထိုး လေ့ကျင့်ပါ။ သင့်လည်ချောင်း သို့မဟုတ် လည်ပင်းအရှေ့ဘက်ကို ရှင်းလင်းစွာ မြင်နေရပါက သင့်မေးစေ့သည် အလွန်မြင့်နေခြင်းဖြစ်နိုင်ပါသည်။ သင့်ဂျောချိုးထားပြီး သင့်မျက်ခုံးများကြားမှ သင့်ကိုယ်သင် သဘာဝကျကျ ကြည့်နေသည်အထိ ခန္ဓာကိုယ်အနေအထားကို ချိန်ညှိပါ။

သွားအကာကို မှန်ကန်စွာ အသုံးပြုခြင်း – ပက်ထိုးစဉ်၊ သဲအိတ်ထိုးစဉ်နှင့် အချင်းချင်း ယှဉ်ပြိုင်ထိုးသတ်လေ့ကျင့်စဉ် တို့တွင် သင့်သွားအကာကို တပ်ဆင်ထားပြီး သင့်သွားများဖြင့် ပေါ့ပါး၍ ထိန်းချုပ်ထားသော ဖိအားကို ထိန်းသိမ်းထားပါ။ ၎င်းသည် မှန်ကန်သော မေးရိုးအနေအထားကို အားပေးပြီး တိုက်စစ်နှင့် ခံစစ်အတွင်း သင့်ဂျောချိုးထားရန် အမြဲမပြတ် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်သည်။

အရေးအကြီးဆုံးမှာ သင့်နည်းပြ၏စကားကို နားထောင်ပါ။ ၎င်းတို့က သင့်အား ဂျောချိုးထားရန် အကြိမ်တစ်ရာမြောက် သတိပေးလျှင် သူသည် ထပ်တလဲလဲ ပြောရသည်ကို သဘောကျနေသောကြောင့် မဟုတ်ပါ။ အတွေ့အကြုံရှိသော တိုက်ခိုက်ရေးသမားများပင်လျှင် တူညီသော သတိပေးချက်ကို အချိန်အခါအလိုက် လိုအပ်သောကြောင့်ဖြစ်သည်။
အကောင်းဆုံး တိုက်ခိုက်ရေးသမားများသည် အခြေခံအချက်များကို မည်သည့်အခါမျှ ပေါ့ပေါ့သဘောထားသည်မရှိပါ။ သူတို့သည် အခြေခံများကို အသုံးချရာတွင် ပို၍ စည်းကမ်းရှိလာခြင်းသာ ဖြစ်သည်။


ဂျောချိုးထားခြင်းသည် ပရိသတ်များထံမှ လက်ခုပ်သြဘာရရှိမည် မဟုတ်သလို အကောင်းဆုံးသရုပ်ပြကွက် ဗီဒီယိုများတွင်လည်း ပါဝင်လာမည် မဟုတ်ပေ။

သို့သော် ၎င်းသည် ထိုသို့သော အကောင်းဆုံးသရုပ်ပြကွက်များကို ဖန်တီးနိုင်ရန်အတွက် ပွဲအတွင်း သင့်ကို အချိန်လုံလောက်စွာ ရပ်တည်ခွင့်ပေးမည့် အလေ့အကျင့်များထဲမှ တစ်ခုဖြစ်သည်။

အကောင်းဆုံး လက်ဝှေ့သမားများသည် အဆင့်မြင့်နည်းစနစ်များကိုသာ အားကိုးနေခြင်း မဟုတ်ဘဲ၊ အခြေခံအချက်များကို ဘယ်သောအခါမှ မေ့လျော့မသွားခြင်းကြောင့်သာ အောင်မြင်မှု ရရှိကြခြင်း ဖြစ်သည်။

ထို့ကြောင့် နောက်တစ်ကြိမ် သင့်နည်းပြက သင့်အား ဂျောချိုးထားရန် ပြောသောအခါ၊ သင်ဘဝတွင် သင်ယူရမည့် တန်ဖိုးအရှိဆုံး သင်ခန်းစာများထဲမှ တစ်ခုကို ခိုင်မာအောင် ထပ်လောင်းပြောဆိုနေခြင်းဖြစ်ကြောင်း သတိရပါ။

နောက်ဆုံးရ ခေါင်းစဉ်များ

သတင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆၊ အမျိုးသားအဆင့် ချန်ပီယံဆု နှစ် (၃၀) ပြည့်

၂၀၂၆ ခုနှစ် လက်ဝှေ့ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လက်ဝှေ့ချန်ပီယံဆု၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ပြိုင်ပွဲ၏ ဝိတ်တန်း ၆ တန်း၊ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၊ ကျင်းပမည့်ရက်နှင့်နေရာ၊ ပြိုင်ပွဲပုံစံနှင့် နှစ်မိနစ်အနားတောင်းခွင့်စည်းမျဉ်း ထည့်သွင်းအသုံးပြုလာမှုတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။
အင်တာဗျူး

ရွှေဝါထွန်း ဘယ်လိုဖြစ်တည်လာလဲ၊ သမန်းကျားကို ဘယ်လိုအနိုင်ယူခဲ့သလဲ –
ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင် သထုံရွှေဝါထွန်းနှင့် တွေ့ဆုံခြင်း

ရိုးရာလက်ဝှေ့ဂန္ထဝင် ရွှေဝါထွန်းမှ ကျေးရွာပွဲများနှင့် အောက်ခြေအဆင့်ပြိုင်ပွဲများမှစ၍ သမန်းကျားကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဖြစ်လာသည့်အထိ သူ၏ ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ပြောပြထားပါသည်။
ဆောင်းပါး

လက်တင်ထားခြင်းဖြင့် လက်ဝှေ့တွင် နေရာထိန်းချုပ်ခြင်း

လက်ဝှေ့တွင် လက်တင်ထားခြင်းက သင့်ခေါင်းကို ကာကွယ်ပေးရုံထက်ပို၍ မည်သို့လုပ်ဆောင်ပေးသည်ကို လေ့လာပါ။

အထူးဖော်ပြပါဆောင်းပါးများ

ရိုးရာလက်ဝှေ့တွင် ဘယ်အရာများကို ပြုလုပ်ခွင့်တားမြစ်ထားသလဲ
လက်ဝှေ့တွင် မည်သည့်တိုက်ခိုက်မှုနည်းစနစ်များကို တားမြစ်ထားပါသလဲ
ဖတ်ရှုပါ
လက်ဝှေ့စည်းမျဉ်းအောက်တွင် မိုနာကီမူရာကို မည်သို့ရင်ဆိုင်ထိုးသတ်မလဲ

လက်ဝှေ့စည်းမျဉ်းများအောက်တွင် မိုနာကီမူရာ၏ ပြင်းထန်အားပါသော K-1 ဘေးကန်ချက်ကစားဟန်သည် ဘယ်လိုအလုပ်လုပ်မလဲ

ဖတ်ရှုပါ
လဲနေသူထူပေးပါ - လက်ဝှေ့တွင် ဘာကြောင့် မြေပြင်တိုက်ခိုက်ရေးနည်းစနစ်တွေ မပါဝင်လဲ

လက်ဝှေ့တွင် အဘယ်ကြောင့် မြေပြင်တိုက်ခိုက်ရေး မရှိရသည်ကို လေ့လာပါ။ လက်ဝှေ့၏ ဝိသေသလက္ခဏာအတွက် မတ်တပ်ရပ်တိုက်ခိုက်ရေးကို ဗဟိုချက်ဖြစ်စေခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းများ၊ တိုက်ခိုက်မှုဆိုင်ရာ အတွေးအခေါ်များနှင့် တိုက်ပွဲမြေပြင်မှ အမြစ်တွယ်လာမှုများအကြောင်း ဖတ်ရှုကြည့်ပါ။

ဖတ်ရှုပါ
လက်ဝှေ့ဆိုသည်မှာ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးအားကစား၊ ယဉ်ကျေးမှုဓလေ့

"အင်္ဂါကိုးပါးအနုပညာ" ဟု လူသိများသည့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားအကြောင်း လေ့လာလိုက်ပါ။ စည်းမျဉ်းများ၊ ထိုးသတ်ပုံစံ၊ နည်းစနစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လမ်းညွှန်ချက်အပြည့်အစုံတွင် ဖတ်ရှုနိုင်ပါသည်။

ဖတ်ရှုပါ
ခေါင်းတိုက်ခြင်း၏ သိပ္ပံ - ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒ၊ အန္တရာယ်များနှင့် လက်ဝှေ့တွင် ခွင့်ပြုထားခြင်းအကြောင်း

မြန်မာ့လက်ဝှေ့ရှိ ခေါင်းတိုက်ခြင်း၏ နောက်ကွယ်မှ သိပ္ပံနည်းကျ အချက်အလက်များကို လေ့လာကြည့်ပါ။ ယင်း၏ ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒနှင့် နည်းဗျူဟာမြောက် အသုံးပြုပုံများမှစ၍ တိုက်ခိုက်သူများ အသုံးပြုချိန်တွင် ရင်ဆိုင်ရသည့် အစစ်အမှန် အန္တရာယ်များအထိ ပါဝင်ပါသည်။

ဖတ်ရှုပါ