“လက်ဝါးတိုက်ကွက်များသည် ဘာကြောင့် လက်ဝှေ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်မလာခဲ့သနည်း” ဟူသော ဆွေးနွေးချက်သည် အများအားဖြင့် သမိုင်းကြောင်းဆိုင်ရာ လေ့လာမှုတစ်ရပ် ဖြစ်ပါသည်။ ဤမေးခွန်းကို အခြားဆောင်းပါးတစ်ပုဒ်တွင် ကျွန်ုပ်တို့ အသေးစိတ် လေ့လာခဲ့ပြီး ဖြစ်ကာ၊ ယဉ်ကျေးမှုဆိုင်ရာ အမြင်များနှင့် လက်ပတ်တီးစည်းခြင်းကြောင့် ဖြစ်ပေါ်လာသော ကန့်သတ်ချက်များသည် ယင်းအတွက် ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းရင်းနှစ်ရပ် ဖြစ်သည်ကို ဖော်ထုတ်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် နောက်ဆက်တွဲမေးခွန်းတစ်ခု ထွက်ပေါ်လာပါသည်။ အကယ်၍ ထိုကန့်သတ်ချက်များသာ ပျောက်ကွယ်သွားမည်ဆိုလျှင် မည်သို့ဖြစ်လာမည်နည်း။
အမှန်တကယ်လက်ဗလာဖြင့် ယှဉ်ပြိုင်ရပြီး လက်ဝါးတိုက်ကွက်များကို ပိတ်ပင်ထားသည့် စည်းမျဉ်းများလည်း မရှိသည့်အပြင်၊ အခြားသော ကိုယ်ခံပညာရပ်များမှ ယှဉ်ပြိုင်သူများမှ သူတို့၏ ကိုယ်ပိုင်နည်းစနစ်များကို ကြိုးဝိုင်းအတွင်း ယူဆောင်လာမည့် လက်ဝှေ့ ပြိုင်ပွဲပုံစံတစ်ရပ်ကို စိတ်ကူးကြည့်ပါ။ လက်ဝှေ့တွင် လက်ဝါး နည်းစနစ်များသည် လက်တွေ့အားဖြင့် မည်သို့ အလုပ်လုပ်နိုင်မည်နည်း။
အဖြေမှာ ထိုကဲ့သို့ ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်လာစေရန် အလားအလာ ရှိမည် မထင်ပါ။ လက်ဝှေ့တွင် လက်သီး၊ တံတောင်၊ ဒူး၊ ခြေကန်ချက်နှင့် ခေါင်းတိုက်ခြင်းတို့ကို အခြေခံထားသော အလွန်အဆင့်မြင့်သည့် တိုက်ခိုက်ရေးစနစ် တစ်ခု တိုးတက်ဖြစ်ပေါ်ပြီးသား ဖြစ်သည်။ မည်သည့် နည်းစနစ်သစ်မဆို ဤလက်နက်များ မပေးစွမ်းနိုင်သော နည်းဗျူဟာပိုင်းဆိုင်ရာ အားသာချက်တစ်ခုခုကို ပေးစွမ်းနိုင်မှသာဖြစ်မည်။
ထိုအချက်သည် လက်ဝါးတိုက်ကွက်များသည် အသုံးမဝင်ဟု မဆိုလိုပါ။ လက်တွေ့ပိုကျသော ဖြစ်နိုင်ခြေမှာ ၎င်းတို့၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများဖြင့် အားသာချက်ပေးနိုင်မည့် သီးခြားအခြေအနေများတွင် နေရာယူလာခြင်းမျိုး ဖြစ်လာနိုင်ပါသည်။
လက်ဖဝါးရိုက်ချက်များ – မာကျောသော ပစ်မှတ်များကို တိုက်ခိုက်ခြင်း
လက်ဝှေ့နှင့် ပေါင်းစပ်အသုံးပြုရန်အတွက် အသင့်တော်ဆုံး နည်းစနစ်မှာ လက်ဖဝါးနှင့်ရိုက်ခြင်းများ ဖြစ်သည်။

တိုက်ခိုက်ရေးပညာရပ်များစွာတွင် တွေ့ရသည့် အခြေခံမူတစ်ခုမှာ ပျော့ပျောင်းသော ပစ်မှတ်များကို တိုက်ခိုက်ရန် မာကျောသော လက်နက်များကို အသုံးပြုပြီး၊ မာကျောသော ပစ်မှတ်များအတွက် ပိုမိုပျော့ပျောင်းသော လက်နက်များကို အသုံးပြုခြင်း ဖြစ်သည်။
လက်ဝှေ့တွင် မာကျောသော လက်နက်များစွာ ပါဝင်ပြီးဖြစ်သည်။ လက်သီး၊ တံတောင်၊ ဒူး၊ ညို့သကျည်းနှင့် ခေါင်းတိုက်ခြင်းတို့သည် ခန္ဓာကိုယ်၏ ထိခိုက်လွယ်သော အစိတ်အပိုင်းများဆီသို့ ဦးတည်တိုက်ခိုက်ရာတွင် အလွန် ထိရောက်မှုရှိကြသည်။
သို့သော် နဖူးကဲ့သို့သော မာကျောသည့် အစိတ်အပိုင်းများကို တိုက်ခိုက်သည့်အခါ ပြဿနာပေါ်ပေါက်လာသည်။ ဗလာလက်သီးဖြင့် ထိုးသတ်ရာတွင် နေရာမကျသော လက်သီးချက်ကို ခေါင်းဖြင့်ပိတ်ကာခြင်းကြောင့် လက်တွင်ရှိသော အရိုးငယ်လေးများကို ထိခိုက်ပျက်စီးစေနိုင်သည်။ လက်ဖဝါးရိုက်ချက်သည် လက်ချောင်းများကို ထိခိုက်မှုနှင့် ကင်းဝေးစေပြီး ပိုမိုတောင့်တင်းသော လက်ဖဝါးအရင်းနှင့် လက်ကောက်ဝတ် ဖွဲ့စည်းပုံမှတစ်ဆင့် အားကို လွှဲပြောင်းပေးခြင်းဖြင့် ဤပြဿနာကို ဖြေရှင်းပေးသည်။
ဤအချက်က လက်ဝှေ့ကို လက်ဖဝါးရိုက်ချက်များအတွက် မမျှော်လင့်ဘဲ သင့်လျော်သွားစေသည့် အခြေအနေတစ်ရပ် ဖန်တီးပေးသည်။ လက်အိတ်စွပ်၍ ယှဉ်ပြိုင်ရသော ကိုယ်ခံပညာ အားကစားနည်းများနှင့် မတူဘဲ၊ ယှဉ်ပြိုင်သူအဖို့ သူ၏လက်များအတွက် အကာအကွယ် နည်းပါးသောကြောင့် လက်များကို မထိခိုက်အောင် ထိန်းသိမ်းရန် ပိုမိုကြီးမားသော တွန်းအားတစ်ရပ် ရှိနေသည်။
သို့ရာတွင် ဤအချက်ကြောင့် လက်ဖဝါးရိုက်ခြင်းသည် လက်သီးထိုးခြင်းထက် အလုံးစုံ သာလွန်သွားသည်ဟု မဆိုလိုပါ။ လက်သီးသည် ထိရောက်သော တိုက်ခိုက်မှုများကို ပြုလုပ်နိုင်စွမ်းရှိသည့် ကျစ်လျစ်၍ ရင်းနှီးပြီးသား လက်နက်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်။ စနစ်တကျ ထိုးလိုက်သော လက်သီးချက်တစ်ချက်၏ ထိုးဖောက်နိုင်စွမ်းနှင့် ကျစ်လစ်သည့် ထိရောက်မှုမျိုး လက်ဖဝါးရိုက်ချက်တွင် မရှိပါ။
ဖြစ်နိုင်ခြေအများဆုံး ရလဒ်မှာ လက်ဖဝါးရိုက်ခြင်းသည် လက်သီးများနေရာတွင် အစားထိုးခြင်း မဟုတ်ဘဲ အထူးပြု လက်နက်ကိရိယာ တစ်ခုအဖြစ် ထပ်ဆောင်းထည့်သွင်းခြင်းပင် ဖြစ်သည်။ ကစားသမားတစ်ဦးသည် နဖူးကို တိုက်ခိုက်သည့်အခါ၊ ပြိုင်ဘက်၏ အကာအကွယ်ကို ထိုးဖောက်သည့်အခါ သို့မဟုတ် လက်သီးအပြည့်အဝဆုပ်ရန် အဆင်မပြေသော အနေအထားများမှ လျင်မြန်စွာ တိုက်ခိုက်သည့်အခါမျိုးတွင် လက်ဖဝါးရိုက်ချက်များကို ရွေးချယ်အသုံးပြုလာနိုင်ပါသည်။
အချုပ်အသိုင်းလုပ်ခြင်း – လက်ဝါးနည်းစနစ်များ သဘာဝအလျောက်ရှိသည့် ပတ်ဝန်းကျင်
အကယ်၍ လက်ဝါးတိုက်ကွက်များသာ လက်ဝှေ့ပွဲများတွင်ပေါင်းထည့်မည်ဆိုပါက၊ အချုပ်အသိုင်းလုပ်ခြင်းသည် ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်လိမ့်မည်။
လက်ဝှေ့ အချုပ်အသိုင်းတွင် လက်ဝါးဖွင့်နည်းစနစ်များသည် နက်ရှိုင်းစွာ ပေါင်းစပ်ပါဝင်ပြီးသား ဖြစ်သည်။ ကစားသမားများသည် ဦးခေါင်းကို ဆွဲရန်၊ လက်မောင်းများကို ထိန်းချုပ်ရန်၊ ခန္ဓာကိုယ်ကို တွန်းရန်နှင့် ဟန်ချက်ထိန်းစေရန်အတွက် ၎င်းတို့ကို အသုံးပြုကြသည်။ ဤသို့ အပြန်အလှန် လုံးထွေးနေစဉ်အတွင်း လက်ဖဝါးသည် ပွင့်နေပြီးသား ဖြစ်သောကြောင့်၊ လက်ဖဝါးတိုက်ကွက်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားနိုင်သည်။
ဥပမာအားဖြင့် ပြိုင်ဘက်ကို လည်ပင်းမှသိုင်းဖက်၍ ထိန်းချုပ်ထားသော ကစားသမားတစ်ဦးသည် ချုပ်ထားသောဖိအားကို ခေတ္တလျှော့ချကာ လက်ဝါးအတိုတစ်ချက်ရိုက်ပြီးနောက် ချက်ချင်းပင် ပြန်လည်ထိန်းချုပ်ခြင်းမျိုး ပြုလုပ်နိုင်သည်။
ဤအချက်သည် တံတောင်ရိုက်ချက်များနှင့် မတူညီသော ပြောင်းလဲလှုပ်ရှားမှု တစ်ရပ်ကို ဖန်တီးပေးလိမ့်မည်။ တံတောင်ရိုက်ချက်များသည် ပိုမိုအားပါပြီး စုစည်းနေသော ရိုက်ခတ်မှုကို ဖြစ်ပေါ်စေသော်လည်း၊ ၎င်းတို့ကို အသုံးပြုရာတွင် ခန္ဓာကိုယ် အနေအထားနှင့် ထောင့်ချိုးပိုင်းဆိုင်ရာ ပိုမိုအားစိုက်မှုတို့ လိုအပ်လေ့ရှိသည်။ လက်ဖဝါးရိုက်ချက်တွင် အားစိုက်ထုတ်ရန် သိပ်မလိုဘဲ အသုံးပြုနိုင်ခြေရှိသည့်အပြင်၊ ကစားသမားအနေဖြင့် အနီးကပ်အချုပ်အသိုင်းပြုမှုတွင်လည်း ပိုမိုကောင်းမွန်စွာ ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။
ထိုသို့ အားသာချက် ရှိခြင်းသည် တံတောင်ရိုက်ချက် အသုံးပြုခြင်းထက် သာလွန်မှု ရှိမရှိကိုမူ လက်တွေ့ ယှဉ်ပြိုင်မှုများမှတစ်ဆင့်သာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်သည်။
နားရင်းအုပ်ခြင်း – ရှားပါးသော လက်ရှိ ဥပမာတစ်ခု
လက်ဝှေ့တွင် တွေ့ရခဲပြီး ဖြစ်နိုင်ခြေရှိနိုင်သည့်လက်ဝါးတိုက်ကွက်တစ်ခုမှာ လက်ကိုခွက်၍ နားရွက်ကို ရိုက်ခြင်း (နားရင်းအုပ်ခြင်း) ဖြစ်ကောင်းဖြစ်မည်ဖြစ်သည်။

သမားရိုးကျ တိုက်ခိုက်မှုများနှင့် မတူသည်မှာ ၎င်း၏ရည်ရွယ်ချက်မှာ မြင်သာသည့်ထိခိုက်ဒဏ်ရာရစေရန် အစား အာရုံလွှဲရန် ဖြစ်သည်။ ရုတ်တရက် လေဖိအားပြောင်းလဲခြင်းနှင့် နားရွက်တစ်ဝိုက် တုန်ခါသွားခြင်းတို့သည် ပြိုင်ဘက်ကို ယာယီ ကြောင်သွားစေနိုင်ပြီး ၎င်းတို့၏ အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်သည်။
အကယ်၍ လက်ဝါးတိုက်ကွက်များသည် လက်ဝှေ့၏ ပိုမိုဖွံ့ဖြိုးလာသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်ဆိုပါက၊ ဤနည်းစနစ်သည် ပိုမိုတမင် လေ့ကျင့်သင်ကြားရမည့် ပထမဆုံး နည်းစနစ်များထဲမှ တစ်ခု ဖြစ်လာရန် အလားအလာရှိသည်။
ဓားသွားပုံစံ လက်ဝါးစောင်းခုတ်ချက်နှင့် လက်မဘက်ခြမ်း လက်ဝါးစောင်းခုတ်ချက် (လက်မဘက်စောင်းဖြင့်တိုက်ခြင်း) – တိုက်ခိုက်ခြင်းနှင့် ထိန်းချုပ်ခြင်းကြားမှ အနေအထား
ဓားသွားပုံစံ လက်ဝါးစောင်းခုတ်ချက်များသည် ပိုမို မသေချာသော အနေအထားတစ်ခုတွင် ရှိနေသည်။

ကရာတေးပညာရပ်တွင် ‘ရှုတို အူချိ’ (shuto-uchi) ဟုခေါ်သော လက်ဝါးစောင်းခုတ်ချက်သည် လက်သန်းမှ လက်ကောက်ဝတ်အထိ လက်၏ အပြင်ဘက်အစွန်းကို အသုံးပြုသည်။ ၎င်းကို အလျားလိုက်၊ အောက်စိုက် သို့မဟုတ် ထောင့်ဖြတ်စသည့် အနေအထားများမှ တိုက်ခိုက်နိုင်ပြီး၊ လည်ပင်းဘေးဘက်၊ မေးရိုး၊ ညှပ်ရိုး သို့မဟုတ် ခြေလက်အင်္ဂါအစိတ်အပိုင်းများကို ပစ်မှတ်ထားလေ့ရှိသည်။
လက်ဝါးစောင်းခုတ်ချက်၏ အကြီးမားဆုံး အားသာချက်မှာ ၎င်း၏အင်အား မဟုတ်ပါ။ ယင်းအစား ဖမ်းဆုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းဆီသို့ တိုက်ရိုက် ဆက်တိုက် ကူးပြောင်းနိုင်စွမ်း ဖြစ်သည်။ လည်ပင်း သို့မဟုတ် လက်မောင်းဆီသို့ ခုတ်ချလိုက်သော လှုပ်ရှားမှုသည် လည်ပင်းသိုင်းဖက်ခြင်း၊ လက်မောင်းကို ထိန်းချုပ်ခြင်း သို့မဟုတ် အခြားသော အနီးကပ်ချုပ်သိုင်းသည့် အနေအထားသို့ ချက်ချင်း ပြောင်းလဲသွားနိုင်သည်။
သို့ရာတွင် လက်ဝါးစောင်းခုတ်ချက်သည် လက်ဝှေ့၏ အပြင်းထန်ဆုံး လက်နက်များထဲမှ တစ်ခုဖြစ်သော တံတောင်နှင့် တိုက်ရိုက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ တံတောင်သည် ထိုတူညီသော ပစ်မှတ်များစွာကို ပိုမိုမာကျောသော မျက်နှာပြင်ဖြင့် တိုက်ခိုက်နိုင်ပြီး၊ မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်စရာ များစွာနည်းပါးသည်။
ဤအချက်ကြောင့်၊ တံတောင်များကို အသုံးပြုရန် လက်တွေ့မကျလှသော အခြေအနေများတွင် လက်ဝါးစောင်းခုတ်ချက် နည်းစနစ်များကို အသုံးပြုရန် လိုအပ်လိမ့်မည်။ အနီးကပ်နပန်းလုံးရန် ပိုမိုဝေးကွာသော အကွာအဝေးမှ ဝင်ရောက်ခြင်း၊ ညှပ်ရိုး သို့မဟုတ် လက်ဖျံများကို တိုက်ခိုက်ခြင်းနှင့် ထိန်းချုပ်မှုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားသော လျင်မြန်သည့် တိုက်ခိုက်မှုများသည် ဖြစ်နိုင်ခြေရှိသော ဥပမာများဖြစ်သည်။

လက်မဘက်ခြမ်း လက်ဝါးစောင်းခုတ်ချက် (ridge-hand strikes) (သို့မဟုတ်) ‘ဟိုင်တို အူချိ’ (haito-uchi) သည် အခြားကွဲပြားပုံ တစ်ခုဖြစ်သည်။ လက်မဘက်ခြမ်းရှိ လက်ဝါးအစွန်းကို အသုံးပြုခြင်းသည် အထူးသဖြင့် ပြိုင်ဘက်၏ လက်တင်ကာကွယ်မှုဘေးပတ်လည်မှနေ၍ ထူးခြားသော ပစ်မှတ်ထောင့်ချိုးများကို ရရှိစေသည်။ သို့သော် လက်မကို သေချာစွာ ခေါက်သိမ်းထားပြီး ကာကွယ်ထားရန် လိုအပ်သည်။ အနေအထားမကျသော လက်မဘက်ခြမ်း လက်ဝါးစောင်းခုတ်ချက်သည် လက်ကို ထိခိုက်ဒဏ်ရာရစေနိုင်ခြေ ပိုများသည်။
အားလုံးကို ခြုံငုံကြည့်ရလျှင်၊ ဓားသွားပုံစံ လက်ဝါးစောင်းခုတ်ချက်နှင့် လက်မဘက်ခြမ်း လက်ဝါးစောင်းခုတ်ချက်တို့သည် အဓိက လက်နက်များ ဖြစ်လာမည် မဟုတ်ပါ။ ၎င်းတို့၏ အကြီးမားဆုံးသော တန်ဖိုးမှာ ထိုးသတ်ခြင်းနှင့် အချုပ်အသိုင်းကြား အကူးအပြောင်း လှုပ်ရှားမှုများအဖြစ်သာ ရှိနေမည် ဖြစ်သည်။
လက်ချောင်းများဖြင့် တိုက်ခိုက်မှုများ – ပြောင်းလဲလာရန် အလားအလာအနည်းဆုံး အပိုင်း
လက်ချောင်းများကို အခြေခံသော တိုက်ခိုက်မှုများသည် လက်ဝှေ့၏ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် ဖြစ်နိုင်ခြေ အနည်းဆုံးဖြစ်သည်။
၎င်းတို့၏ အဓိက အားသာချက်မှာ အလှမ်းမီမှု (အကွာအဝေး) ဖြစ်သည်။ ဆန့်တန်းထားသော လက်ချောင်းများသည် လက်သီးထက် ပိုမိုဝေးကွာစွာ ရောက်ရှိနိုင်ပြီး သေးငယ်သော ဟာကွက်များသို့ ဝင်ရောက်တိုက်ခိုက်ခွင့် ပေးသည်။ ယင်းအတွက် ပေးဆပ်ရမှုမှာ ဒဏ်ရာရနိုင်ခြေများမှုဖြစ်သည်။ လက်ချောင်းများသည် ကျိုးပဲ့လွယ်ပြီး နဖူး၊ တံတောင် သို့မဟုတ် လျင်မြန်စွာ ရွေ့လျားနေသော ပြိုင်ဘက်နှင့် ထိခိုက်မိခြင်းဖြင့် အလွယ်တကူ ထိခိုက်ဒဏ်ရာ ရရှိနိုင်သည်။
ရိုးရာကိုယ်ခံပညာ စနစ်များတွင် ထိခိုက်လွယ်သော ပစ်မှတ်များဆီသို့ ဦးတည်တိုက်ခိုက်သည့် လက်ချောင်းနဲ့ထိုးခြင်း (spear-hand strike) ကဲ့သို့သော နည်းစနစ်များ ပါဝင်သည်။ ပြဿနာမှာ ထိုပစ်မှတ်အများအပြားကို လက်ဝှေ့တွင် တိုက်ခိုက်ခွင့် မရှိခြင်းဖြစ်သည်။ မျက်လုံးများကို နှိုက်ခြင်းအား တားမြစ်ချက်ဖြင့် အကာအကွယ်ပေးထားပြီး၊ ကုတ်ခြင်း သို့မဟုတ် ခြစ်ခြင်းကဲ့သို့သော လှုပ်ရှားမှုများသည် ကုတ်ဖဲ့ခြင်းကို တားမြစ်ထားသည့် စည်းမျဉ်းကို ချိုးဖောက်ရာရောက်နိုင်သည်။
လက်ချောင်းများကို ဖြန့်ထားခြင်း၏ ကျန်ရှိနေသော အားသာချက်များသည် လက်ဝှေ့တွင် ပါဝင်ပြီးသား ဖြစ်သည်။ ကစားသမားများသည် အချုပ်အသိုင်းတွင် ထိန်းချုပ်ရန်၊ ခန္ဓာကိုယ်လှုပ်ရှားမှုကို ကိုင်တွယ်ရန်နှင့် အနေအထား ပြုပြင်ရန်အတွက် ၎င်းတို့၏လက်ချောင်းများကို အများအပြားအသုံးပြုကြသည်။ ထို့ကြောင့် လက်ဖဝါးရိုက်ချက်များမှ ပေးစွမ်းနိုင်သော နည်းဗျူဟာပိုင်းဆိုင်ရာ အတိုင်းအတာအသစ်မျိုးကို လက်ချောင်းဖြင့် တိုက်ခိုက်မှုများက ဖော်ဆောင်ပေးနိုင်မည် မဟုတ်ပါ။
ဤအကြောင်းကြောင့် လက်ချောင်းဖြင့် တိုက်ခိုက်မှုများသည် လက်ဝါးတိုက်ခိုက်ရေးစနစ်များထဲတွင် အသုံးပြုမှု အနည်းဆုံး အပိုင်းကဏ္ဍအဖြစ်သာ ဆက်ရှိနေမည် ဖြစ်သည်။ လက်ချောင်းများ၏ အလုံခြုံဆုံးနှင့် အသုံးအဝင်ဆုံး လုပ်ဆောင်ချက်များသည် လက်ဝှေ့တွင် ရှိနှင့်ပြီးသားဖြစ်ကာ၊ ကျန်ရှိနေသော နည်းစနစ်များမှာမူ ထိခိုက်ဒဏ်ရာရနိုင်ခြေ အများဆုံးနှင့် စည်းမျဉ်းများနှင့် အကြီးမားဆုံး ဝိရောဓိဖြစ်စေသည့် အရာများသာ ဖြစ်သည်။
အစားထိုးခြင်း မဟုတ်ဘဲ ထပ်ဖြည့်ခြင်းဖြင့် ပြောင်းလဲတိုးတက်ခြင်း
အကယ်၍ လက်ဝါးနည်းစနစ်များ လက်ဝှေ့သို့ထည့်သွင်းလာပါက၊ ၎င်းတို့သည် ဤအားကစားနည်း၏ ရိုးရာလက်နက်များကို အစားထိုးလိမ့်မည် မဟုတ်ပါ။
ကစားသမားတစ်ဦးသည် လက်သီး၊ တံတောင်၊ ဒူး၊ ခြေကန်ချက်နှင့် ခေါင်းတိုက်ခြင်းတို့ကို ၎င်းတို့၏ အဓိက လက်နက်များအဖြစ် ဆက်လက် အားထားဦးမည် ဖြစ်သည်။ လက်ဝါးနည်းစနစ်များသည် ထိုလက်နက်များ မဖြေရှင်းနိုင်သော ပြဿနာတစ်ခုခုကို ဖြေရှင်းပေးနိုင်မှသာလျှင် ပါဝင်ရပ်တည်နိုင်မည် ဖြစ်သည်။
လက်ဝါးရိုက်ချက်များသည် မာကျောသော ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ပိုမိုဘေးကင်းသော နည်းလမ်းကို ပေးစွမ်းနိုင်သောကြောင့် ပါဝင်ရန် ဖြစ်နိုင်ခြေအရှိဆုံး အနေအထား ရှိသည်။ ဓားသွားပုံစံ လက်ဝါးစောင်းခုတ်ချက်နှင့် လက်မဘက်ခြမ်း လက်ဝါးစောင်းခုတ်ချက် နည်းစနစ်များသည် တိုက်ခိုက်ခြင်းနှင့် အချုပ်အသိုင်းကြား အကူးအပြောင်းလုပ်ရာတွင် အသုံးချနိုင်သည်။ လက်ချောင်းဖြင့် တိုက်ခိုက်မှုများ၏ လက်တွေ့အကျိုးကျေးဇူးများသည် လက်ရှိ လက်ဝှေ့ နည်းစနစ်များတွင် ပါဝင်ပြီးသား ဖြစ်သောကြောင့် အသစ်ထည့်သွင်းရန် အလားအလာ အနည်းဆုံးဖြစ်သည်။
အဆုံးသတ်တွင် မေးခွန်းမှာ လက်ဝါးတိုက်ကွက်များကို အသုံးပြုနိုင်သလား ဆိုသည်မျိုး မဟုတ်ခဲ့ပါ။ ၎င်းတို့ကို ရှင်းလင်းစွာ အသုံးပြုနိုင်ပါသည်။ မေးခွန်းအစစ်အမှန်မှာ အကျယ်ပြန့်ဆုံးသော တိုက်ကွက်လက်နက် နည်းစနစ်များ ရှိနှင့်ပြီးဖြစ်သည့် တိုက်ခိုက်ရေးစနစ်တစ်ခုအတွင်း ၎င်းတို့အတွက် အမြဲတမ်း နေရာတစ်နေရာ ရရှိရန် ခိုင်လုံမှု ရှိမရှိ ပင်ဖြစ်သည်။
လောလောဆယ်တွင် အဖြေများသည် စိတ်ကူး/သဘောတရားအဖြစ်သာ ရှိနေဆဲဖြစ်သည်။ ဤနည်းစနစ်များကို စမ်းသပ်အသုံးပြုလိုစိတ်ရှိသော ကစားသမားများနှင့်အတူ အမှန်တကယ် လက်ဗလာသက်သက် ယှဉ်ပြိုင်ရသော လက်ဝှေ့ ပတ်ဝန်းကျင်တစ်ခုကသာ လက်ဝါးတိုက်ကွက်များသည် ဤကစားနည်း၏ ရှားပါးသော ဆန်းသစ်မှုတစ်ခုမျှသာ ဖြစ်လာမည်လား သို့မဟုတ် လက်တွေ့ကျသော အစိတ်အပိုင်းတစ်ခု ဖြစ်လာမည်လား ဆိုသည်ကို အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်သည်။
မေးလေ့ရှိသော မေးခွန်းများ
၁။ လက်ဝှေ့တွင် လက်ဝါးတိုက်ကွက်များသည် လက်သီးထိုးခြင်းကို အစားထိုးနိုင်မည်လား
မဖြစ်နိုင်ပါ။ လက်သီး၊ တံတောင်၊ ဒူး၊ ခြေကန်ချက်နှင့် ခေါင်းတိုက်ခြင်းတို့သည် လက်ဝှေ့၏ အခြေခံအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး လက်ဝါးဖွင့်တိုက်ခိုက်ခြင်းများသည် အချို့သော နည်းဗျူဟာပိုင်းဆိုင်ရာ အခန်းကဏ္ဍများတွင်သာ ပါဝင်လာနိုင်ဖွယ်ရှိသည်။
၂။ လက်ဝှေ့တွင် မည်သည့် လက်ဝါးတိုက်ခိုက်မှုနည်းစနစ်က ထည့်သွင်းနိုင်ရန်ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်သလဲ
လက်ဖဝါးဖြင့်ရိုက်ခြင်းများသည် လက်တွေ့အကျဆုံးဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် ကစားသမားများအား ၎င်းတို့၏လက်များကို ထိခိုက်ဒဏ်ရာရနိုင်ခြေနည်းပါးစွာဖြင့် နဖူးကဲ့သို့သော မာကျောသည့်နေရာများကို တိုက်ခိုက်နိုင်စေသောကြောင့်ဖြစ်သည်။
၃။ အချုပ်အသိုင်းသည် လက်ဝါးတိုက်ခိုက်မှုများအတွက် သဘာဝကျသော နေရာတစ်ခု ဖြစ်လာနိုင်သလား
ဖြစ်နိုင်ပါသည်။ လက်ဝှေ့သမားများသည် ပြိုင်ဘက်များကို ဆုပ်ကိုင်ရန်၊ တွန်းရန်နှင့် ထိန်းချုပ်ရန် လက်ဝါးဖွင့်၍ အသုံးပြုနေကြပြီးဖြစ်သည်။ ဤအနေအထားများမှနေ၍ လက်ဖဝါးဖြင့် အနီးကပ်ရိုက်ခြင်းများကို ပေါင်းထည့်ခြင်းအတွက် ပြောင်းလဲလှုပ်ရှားရန် များစွာလိုအပ်မည်မဟုတ်ပါ။
၄။ လက်ဝါးစောင်းခုတ်ခြင်းများသည် လက်ဝှေ့တွင် အသုံးများသည့်နည်းစနစ် ဖြစ်လာနိုင်သလား
အဓိကလက်နက်များအနေဖြင့် ဖြစ်လာနိုင်ဖွယ်မရှိပါ။ ၎င်းတို့သည် တံတောင်ရိုက်ခြင်းဖြင့် မရနိုင်သည့် အားသာချက်များကို ပေးစွမ်းနိုင်ဖို့ လိုအပ်မည်ဖြစ်သည်။ ဥပမာ ထိုးသတ်ခြင်းနှင့် အချုပ်အသိုင်းကြား ပိုမိုချောမွေ့စွာ ကူးပြောင်းနိုင်စေခြင်းမျိုး ဖြစ်သည်။
၅။ လက်ချောင်းဖြင့်ထိုးချက်များသည် လက်ဝှေ့တွင်ထည့်သွင်းရန် အဘယ်ကြောင့် အလားအလာအနည်းဆုံးဖြစ်သလဲ
စည်းကမ်းများမှ တားမြစ်ထားခြင်းများအပြင် ၎င်းတို့သည် အားသာချက်သစ် အနည်းငယ်သာပေးစွမ်းနိုင်ပြီး ဒဏ်ရာရနိုင်ခြေ မြင့်မားသောကြောင့်ဖြစ်သည်။ ဆုပ်ကိုင်ခြင်းနှင့် ထိန်းချုပ်ခြင်းကဲ့သို့သော လက်ချောင်းများ၏ အသုံးအဝင်ဆုံး လုပ်ဆောင်ချက်များသည် လက်ဝှေ့အချုပ်အသိုင်းတွင် ရှိနှင့်ပြီးသားဖြစ်သည်။