အကောင်းဆုံးသော လက်ဝှေ့ဆိုင်ရာ သတင်းအချက်အလက် ဗဟို

လက်ဝှေ့သမားများက လက်ပတ်တီးစည်းထားလျက်နှင့် ဘာကြောင့် လက်ဝှေ့ကို “ဗလာလက်သီး” ဟု ခေါ်ဆိုကြသလဲ

လက်ဝှေ့သမားများက လက်ပတ်တီးစည်းထားလျက်နှင့် ဘာကြောင့် လက်ဝှေ့ကို “ဗလာလက်သီး” ဟု ခေါ်ဆိုကြသလဲ

သင်သည် လက်ဝှေ့နှင့် စိမ်းနေသေးသူဆိုလျှင် မေးခွန်းတစ်ခု ချက်ချင်း ခေါင်းထဲရောက်လာနိုင်ပါသည်။

လက်ဝှေ့သမားများက လက်ကို ပတ်တီးစည်းထားလျက်နှင့် ၎င်းကို အဘယ်ကြောင့် ဗလာလက်သီး ကိုယ်ခံပညာဟု ခေါ်ဆိုကြသနည်း။

အင်္ဂလိပ်လိုတွင် ယင်းကို Bare-Knuckle ဟု ခေါ်ဆိုသည်။ “ဗလာလက်ဆစ်” ဟု တိုက်ရိုက်ဘာသာပြန်ဆိုနိုင်သည်။

ရုတ်တရက်ကြည့်လျှင် ယင်းက ရှေ့နောက်မညီ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု ထင်ရနိုင်သည်။ လက်ဝှေ့သည် ဗလာလက်သီးဖြင့် ထိုးသတ်ရမည့် အားကစားဖြစ်သည်ဆိုပါက အဘယ်ကြောင့် လက်ဝှေ့သမားများကို လက်ပတ်တီးစည်းရန် ခွင့်ပြုထားသလဲ။

အဖြေမှာ ဤအားကစားနည်း မည်သို့ ပြောင်းလဲတိုးတက်လာခဲ့သည်ဆိုသည့် အချက်တွင် ရှိပါသည်။

လက်ဝှေ့သည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်လာခဲ့သည်

အခြားသော ရိုးရာကိုယ်ခံပညာ အားကစားနည်းများနည်းတူ လက်ဝှေ့သည်လည်း ၎င်း၏ သမိုင်းကြောင်းတစ်လျှောက်တွင် ပြောင်းလဲမှုများ ရှိခဲ့ပါသည်။

ရှေးခေတ် လက်ဝှေ့ပွဲများတွင် ဗလာလက်သီးသက်သက်ဖြင့်သာ ထိုးသတ်ခဲ့မည်ဖြစ်ပါသည်။ ဤအားကစားနည်းသည် တဖြည်းဖြည်း စနစ်ကျလာပြီး ခေတ်သစ်ပြိုင်ပွဲများအဖြစ်သို့ ကူးပြောင်းလာသောအခါ လက်ပတ်တီးစည်းခြင်းမှာ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ရည်ရွယ်ချက်မှာ လက်တွေ့ကျပါသည်။ လက်ပတ်တီးများသည် အားကစား၏ အဓိကအနှစ်သာရများကို မပျောက်ပျက်စေဘဲ အရိုးကျိုးခြင်း၊ လက်ကောက်ဝတ် ဒဏ်ရာရခြင်းနှင့် အရေပြား ပွန်းပဲ့ထိခိုက်ခြင်းတို့ကို လျှော့ချရန် အထောက်အကူပေးပါသည်။

ဘေးအန္တရာယ်ကင်းရှင်းရေးသည် တစ်ခုတည်းသော အကြောင်းရင်း မဟုတ်နိုင်ပါ။ သမိုင်းတစ်လျှောက် လက်ဝှေ့ကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် အထူးသဖြင့် ကျေးလက်ဒေသများတွင်ကစားခဲ့ကြပြီး လက်အိတ်များမှာ ဈေးကြီးလွန်းခြင်း သို့မဟုတ် ရရှိရန်ခက်ခဲခြင်းတို့ ဖြစ်နိုင်သည်။ အဝတ်စ၊ ပတ်တီး စသည်တို့မှာမူ ဈေးနှုန်းသက်သာခြင်း၊ ပြန်လည်အသုံးပြုနိုင်ခြင်းနှင့် အလွယ်တကူ ရရှိနိုင်ခြင်းတို့ ရှိပါသည်။ အားကစားပစ္စည်း ရှားပါးမှုကလည်း အကြောင်းရင်းတစ်ခုဖြစ်ခဲ့သည်ဟု ယူဆခြင်းမှာ ယုတ္တိရှိပါသည်။

လက်အိတ်စွပ်မည့်အစား ဘာကြောင့် လက်ကို ပတ်တီးစည်းကြသလဲ

အကယ်၍ ရည်ရွယ်ချက်သည် လက်ဝှေ့ကို ပိုမိုဘေးကင်းစေရန်မျှသာ ဖြစ်ခဲ့မည်ဆိုလျှင် လက်အိတ်များကို အသုံးပြုဖို့ရန် သတ်မှတ်နိုင်ခဲ့ပါသည်။ သို့ရာတွင် လက်ဝှေ့သည် ထိရောက်မှုကို တန်ဖိုးထားသော တိုက်ခိုက်ရေးပညာရပ်တစ်ခုလည်း ဖြစ်ပါသည်။ လက်အိတ်များသည် တိုက်ခိုက်ရေးသဘောသဘာဝကို တိုက်ခိုက်ချက် ထိရောက်ခြင်းမှစ၍ နည်းစနစ်ပိုင်းများအထိသို့ ပြောင်းလဲသွားစေမည် ဖြစ်ပါသည်။

အခြားတစ်ဖက်တွင်လည်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဒဏ်ရာရရှိမှု လျှော့ချရေးသည် ထည့်သွင်းစဉ်းစားရမည့် အဓိကအချက် ဖြစ်ပါသည်။ အထူးသဖြင့် လက်ဝှေ့ကို ပိုမိုစနစ်ကျသော ပြိုင်ပွဲစနစ်တစ်ခုဖြစ်လာစေရန် ရည်ရွယ်သည်ဆိုပါက ပို၍ အရေးကြီးပါသည်။

ထို့ကြောင့် မဇ္ဈိမပဋိပဒါ (အလယ်အလတ်ကျသော) ရွေးချယ်မှုတစ်ခုကို ရွေးချယ်ခဲ့သည်။

လက်ပတ်တီးများသည် လက်ကောက်ဝတ်နှင့် လက်ရှိ အရိုးငယ်လေးများကို ခိုင်မာမှုပေးပြီး အထိအခိုက်သက်သာစေသော အခုအခံကိုမူ အနည်းငယ်မျှသာ ထည့်သွင်းပေးသည်။ ပတ်တီးပတ်စည်းသည့် နည်းလမ်းကြောင့် လက်ချောင်းများ၏ အခြေရှိ လက်ဆစ်အကြီးများကို ဖုံးအုပ်ထားသော်လည်း လက်ချောင်းများ၏ အဆစ်အသေးများကိုမူ အကာအကွယ်မပါဘဲ ချန်ထားလျက်ရှိပါသည်။ ပို၍အရေးကြီးသည်မှာ လက်ပတ်တီးများသည် လက်အိတ်ကဲ့သို့ ထူထဲသော အခုအခံပါသည့် တိုက်ခိုက်ရေး မျက်နှာပြင်မျိုးကို မဖန်တီးပေးခြင်းပင် ဖြစ်သည်။

ဤသည်မှာ ရည်ရွယ်ချက်ရှိရှိနှင့် အလွန်ထိရောက်သော ညှိနှိုင်းရွေးချယ်မှုတစ်ခုကို ထင်ဟပ်စေပါသည်။

တစ်ဖက်တွင် လုံးဝအကာအကွယ်မဲ့ လက်ဗလာဟု ရှိပါသည်။ ၎င်းတို့တွင် လူလုပ်အခုအခံများ လုံးဝမပါခြင်း၊ ပြိုင်ဘက်အဖို့ အကွဲဒဏ်ရာဖြစ်စေရာတွင် ထိရောက်မှုအရှိဆုံး ဖြစ်ခြင်းတို့ ရှိသော်လည်း၊ တိုက်ခိုက်သူအတွက် လက်ဒဏ်ရာရရှိရန် အလွယ်ကူဆုံးသော အနေအထားတွင် ရှိနေစေပါသည်။ ဦးခေါင်းခွံကဲ့သို့သော မာကျောသည့် ပစ်မှတ်ဆီသို့ အကာအကွယ်မဲ့ လက်သီးဖြင့် ထိုးမည့် တိုက်ခိုက်ရေးသမားတစ်ဦးသည် မိမိ၏လက် ဒဏ်ရာရနိုင်သည့် အန္တရာယ်ကို ထည့်သွင်းစဉ်းစားရမည် မှာသဘာဝကျပါသည်။

အခြားတစ်ဖက်တွင်မူ လက်အိတ်များ ရှိပြီး၊ ၎င်းတို့တွင် ထူထဲသည့် အခုအခံပါရှိ၍ လက်သီးထိုးသည့် နည်းဗျူဟာပိုင်းဆိုင်ရာ အကျိုးဆက်များကို ပြောင်းလဲစေသည်။

လက်ဝှေ့ လက်ပတ်တီးစည်းခြင်းသည် ဤရွေးချယ်မှုနှစ်ဖက်ကြားရှိ အသင့်တော်ဆုံး ကြားနေအခြေအနေ (Goldilocks position) တစ်ရပ်တွင် ရှိနေပါသည်။ ၎င်းတို့သည် အရိုးကျိုးနိုင်ခြေကို လျှော့ချရန်နှင့် လက်ကို အထောက်အပံ့ ပေးစွမ်းပြီး၊ တိုက်ခိုက်ရေးသမားများအား လက်အိတ်များကဲ့သို့ ထူထဲသော အခုအခံများ အသုံးမပြုဘဲ မိမိတို့၏ လက်သီးများကို ပိုမိုစိတ်ချစွာ အားပါးတရ ထိုးနိုင်စေပါသည်။

ဤသည်မှာ ဝိရောဓိဖြစ်နေပုံရသော်လည်း၊ လက်ဗလာနှင့်လက်အိတ်စွပ်ခြင်း နှစ်ခုလုံးနှင့်နှိုင်းယှဉ်လျှင် လက်ပတ်တီးသည် ထိုးသတ်မှု၏ လက်တွေ့ထိရောက်မှုကို ထိန်းသိမ်းထားနိုင်ရုံမက ပို၍ပင် တိုးတက်ကောင်းမွန်စေနိုင်သည်ဟု အဓိပ္ပာယ်ရပါသည်။ လက်ပတ်တီးမှပေးသည့် အထောက်အပံ့သည် ဗလာလက်သီး တိုက်ခိုက်ရေးတွင်ရှိသည့် တိုက်ရိုက်ကျသော၊ လက်အိတ်မပါသည့် သဘောသဘာဝကို ဆက်လက်ထိန်းသိမ်းထားလျက် တိုက်စစ်ကို ကန့်သတ်မည့်အစား တိုက်ခိုက်ရေးသမားများအား ပိုမိုယုံကြည်မှုရှိစွာ၊ တစ်သမတ်တည်း လက်သီးများကို ထိုးနိုင်စေပါသည်။

တစ်နည်းဆိုရသော်၊ လက်ပတ်တီးစည်းခြင်းသည် လက်သီးများကို ပိုမိုပျော့ပျောင်းသွားစေသည် မဟုတ်ပါ။ ယင်းတို့သည် တိုက်ခိုက်ရေးသမား၏ လက်များကို ပိုမိုပင် လက်သီးရေရှည်ထိုးသတ်နိုင်ရန်အတွက် လုံလောက်သော ခံနိုင်ရည်ရရှိစေပါသည်။

လက်ဝှေ့တွင် လက်ပတ်တီးများကို အသုံးပြုခြင်းမှာ ယင်းတို့သည် အားကစားသမားများအတွက် စနစ်ကျသော ပြိုင်ပွဲများတွင် အစွမ်းကုန် အင်အားထုတ်သုံးနိုင်ရန် လိုအပ်သော တိကျသည့် လက်အထောက်အပံ့ကို ပေးစွမ်းနိုင်ပြီး၊ တစ်ချိန်တည်းမှာပင် ဗလာလက်သီး တိုက်ခိုက်ရေး၏ အကာအကွယ်မပါသော ပြင်းထန်သည့် အစစ်အမှန်အခြေအနေနှင့် လက်တွေ့နည်းဗျူဟာပိုင်းဆိုင်ရာများကို ထိန်းသိမ်းပေးထားသောကြောင့် ဖြစ်ပါသည်။

သို့ဆိုလျှင် ဘာကြောင့် ၎င်းကို “ဗလာလက်သီး” ဟု ခေါ်ဆိုနေဆဲ ဖြစ်သလဲ

အချို့က လက်ဝှေ့သမားများသည် လက်များကို ပတ်တီးစည်းကြသောကြောင့် ဤအားကစားကို ဗလာလက်သီးဟု မခေါ်ဆိုသင့်တော့ကြောင်း ငြင်းဆိုကြပေမည်။

အကယ်၍ “ဗလာလက်သီး” ဟုဆိုရာတွင် လက်ကို မည်သည့်အရာနှင့်မျှ ဖုံးအုပ်မထားခြင်းဟု အဓိပ္ပာယ်ကောက်ယူမည်ဆိုပါက လက်ဝှေ့သည် ရှေ့နောက်မညီ ဖြစ်နေပုံရပါသည်။

သို့ရာတွင် တိုက်ခိုက်ရေး အားကစားနည်းများတွင် “ဗလာလက်သီး” (Bare-Knuckle) ဆိုသည်မှာ အခုအခံပါသော လက်အိတ်များ မပါဘဲ ထိုးသတ်ခြင်းဟု အဓိပ္ပာယ်သတ်မှတ်ထားပါသည်။ လက်ပတ်စည်းခြင်း ပါရှိနေခြင်းက ထိုဝေါဟာရကို အဓိပ္ပာယ်သတ်မှတ်သည် မဟုတ်ဘဲ၊ လက်အိတ်စွပ်ခြင်း မပါရှိခြင်းက ထိုဝေါဟာရကို အဓိပ္ပာယ်သတ်မှတ်ခြင်း ဖြစ်ပါသည်။

ထို့ကြောင့် လက်ပတ်စည်းခြင်း အသုံးပြုသော်လည်း လက်ဝှေ့ကို ဗလာလက်သီး ကိုယ်ခံပညာရပ်တစ်ခုအဖြစ် ဆက်လက် အသိအမှတ်ပြုထားခြင်း ဖြစ်ပါသည်။

LFC နှင့် ဗလာလက်သီး လက်ဝှေ့

ယခုကဲ့သို့ အားလုံးကို ရှင်းပြပြီးဖြစ်သော်လည်း အချို့သောသူများအဖို့ လက်ဝှေ့သည် “တကယ့် လက်ဗလာအစစ် မဟုတ်” ဟုဆိုကာ ကျေနပ်မှုမရှိဆဲဖြစ်နိုင်သည်။ လက်ဗလာစစ်စစ် မဟုတ်သည့် မည်သည့်အရာကိုမျှ လက်ခံနိုင်မည်မဟုတ်ပေ။

သတင်းကောင်းတစ်ခု ရှိပါသည်။ နစ်ခ် ချပ်ပ်မန်း (Nick Chapman) တည်ထောင်ထားသည့် Lethwei Fighting Championship (LFC) သည် လက်ပတ်တီးစီးခြင်း လုံးဝအသုံးမပြုဘဲ အပြည့်အဝ လက်ဗလာစစ်စစ်ဖြင့် ယှဉ်ပြိုင်ရန် ဖော်ဆောင်လျက်ရှိပါသည်။ အကယ်၍ အောင်မြင်ခဲ့ပါက ၎င်းသည် လက်ဝှေ့ကို အစစ်မှန်ဆုံး လက်ဗလာပုံစံဖြင့် တွေ့ကြုံခံစားလိုသူများအတွက် ခေတ်မီပြိုင်ပွဲများ ဖြစ်ပေါ်ရာနေရာတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော်

လက်ဝှေ့ကို ဗလာလက်သီး ပညာရပ်ဟု ခေါ်ဆိုနေဆဲဖြစ်ခြင်းမှာ လက်ဝှေ့သမားများသည် အခုအခံပါသော လက်အိတ်များမပါဘဲ ဆက်လက် ယှဉ်ပြိုင်နေကြသောကြောင့် ဖြစ်ပါသည်။

လက်ပတ်တီးများကို အသုံးပြုလာခြင်းသည် လက်ဝှေ့ကို လက်အိတ်စွပ် ထိုးသတ်ရသော အားကစားနည်းတစ်ခုအဖြစ် ပြောင်းလဲရန် ကြိုးပမ်းခြင်း မဟုတ်ပါ။ ၎င်းအစား ယင်းသည် အပြိုင်အဆိုင်ရည်မှန်းချက်နှစ်ခုကို ဟန်ချက်ထိန်းပေးသည့် လက်တွေ့ကျသော ပြောင်းလဲတိုးတက်မှုလာမှုတစ်ခု ဖြစ်ပါသည်။ ယင်းက မလိုအပ်သော ဒဏ်ရာရရှိမှုများကို လျှော့ချပေးလျှက် ဗလာလက်သီး တိုက်ခိုက်ရေး၏ အဓိကဝိသေသလက္ခဏာများကို ထိန်းသိမ်းပေးပါသည်။

ထိုသဘောအရ ကြည့်လျှင် လက်ဝှေ့သည် လုံးဝ လက်ဗလာဖြင့်လည်းမဟုတ်၊ သမားရိုးကျ လက်အိတ်စွပ်ထားခြင်းလည်း မဟုတ်ပေ။ စနစ်ကျသော ပြိုင်ပွဲများ၏ လက်တွေ့ အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲရင်း ၎င်း၏ မူလလက္ခဏာကို ထိန်းသိမ်းရန် ယင်းအားကစား၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုကို ထင်ဟပ်စေသည့် မဇ္ဈိမပဋိပဒါ (အလယ်အလတ်) အခြေအနေ တစ်ရပ်တွင် ရှိနေခြင်းဖြစ်ပါသည်။


မေးလေ့ရှိသော မေးခွန်းများ

၁. လက်ဝှေ့သမားများသည် လက်ပတ်တီးပတ်စည်းထားပါလျက်နှင့် လက်ဝှေ့ကို ဘာကြောင့် ဗလာလက်သီးအားကစားဟု ခေါ်ဆိုကြသလဲ
ဘာကြောင့်လဲဆိုတော့ “ဗလာလက်သီး” ဟူသည်မှာ အခုအခံပါသော လက်အိတ်များ မပါရှိခြင်းကို ဆိုလိုခြင်းဖြစ်ပြီး လက်ပတ်စည်းများ မပါရှိခြင်းကို ဆိုလိုခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ လက်ဝှေ့ကစားသမားများသည် လက်အိတ်များမပါဘဲ ယှဉ်ပြိုင်ကြပြီး ဤအားကစား၏ လက်အိတ်မဲ့ ထိုးသတ်ဟန်ကို ထိန်းသိမ်းထားကြသည်။

၂. လက်ဝှေ့တွင် လက်အိတ်များအစားလက်ပတ်တီးများကို ဘာကြောင့် အသုံးပြုခဲ့သလဲ
လက်ပတ်တီးများသည် ထူထဲသော အခုအခံများ ထည့်သွင်းစရာမလိုဘဲ လက်ကောက်ဝတ်နှင့် လက်ရှိ အရိုးငယ်လေးများကို ကာကွယ်ပေးပါသည်။ ၎င်းတို့သည် ဒဏ်ရာရရှိမှုများကို လျှော့ချပေးပြီး ထိုးချက်များကို တကယ့် လက်ဗလာစစ်စစ်ဖြင့် ထိုးချက်များနှင့် နီးစပ်နေစေပါသည်။

၃. လက်ပတ်တီးများ အသုံးပြုခြင်းက ထိုးသတ်ချက်များကို ပိုပျော့သွားစေပါသလား
သိသိသာသာ ပျော့သွားစေခြင်း မရှိပါ။ ၎င်းတို့၏ အဓိက ရည်ရွယ်ချက်မှာ ထိုးသတ်ချက်ဒဏ်ကို လျှော့ချစေဖို့ထက် လက်ကို အထောက်အပံ့ပေးဖို့ ဖြစ်ပါသည်။ ထိုနည်းဖြင့် တိုက်ခိုက်သူတွေအဖို့ သူတို့၏လက်ကို ဒဏ်ရာရနိုင်ခြေ ပိုနည်းစေခြင်းကြောင့် လက်သီးကို ပိုမိုအားပါစွာ ထိုးခွင့်ပေးပါသည်။

၄. လက်ဝှေ့ကို အမြဲတမ်း လက်ပတ်တီးပတ်ခြင်းဖြင့် ယှဉ်ပြိုင်ခဲ့ကြသလား
မဟုတ်နိုင်ပါ။ စနစ်တကျ ကျင်းပသော ပြိုင်ပွဲများတွင် လက်ပတ်တီးများကို စံသတ်မှတ်ချက်တစ်ခုအဖြစ် မသတ်မှတ်မီက အစောပိုင်း ထိုးသတ်ပွဲများတွင် လက်ဗလာစစ်စစ်ဖြင့်သာ ယှဉ်ပြိုင်ခဲ့ကြဖို့များပါသည်။

၅. လက်ပတ်တီးပတ်ခြင်းကြောင့် လက်ဝှေ့သည် ဗလာလက်သီးအားကစား မဟုတ်တော့ ဟု ဆိုလိုပါသလား
မဟုတ်ပါ။ တိုက်ခိုက်ရေးအားကစားများတွင် ကစားသမားများသည် လက်ပတ်စည်းသော်လည်း အခုအခံပါသော လက်အိတ်များမစွပ်ဘဲ ယှဉ်ပြိုင်ပါက ထိုပွဲကို ဗလာလက်သီးပွဲစဉ်အဖြစ် သတ်မှတ်ပါသည်။

နောက်ဆုံးရ ခေါင်းစဉ်များ

သတင်း

လက်ဝှေ့ ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲ ၂၀၂၆၊ အမျိုးသားအဆင့် ချန်ပီယံဆု နှစ် (၃၀) ပြည့်

၂၀၂၆ ခုနှစ် လက်ဝှေ့ရွှေခါးပတ်ချန်ပီယံပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် လက်ဝှေ့ချန်ပီယံဆု၏ နှစ် ၃၀ ပြည့် အထိမ်းအမှတ်ဖြစ်သည်။ ပြိုင်ပွဲ၏ ဝိတ်တန်း ၆ တန်း၊ ပါဝင်ယှဉ်ပြိုင်မည့် လက်ဝှေ့သမားများ၊ ကျင်းပမည့်ရက်နှင့်နေရာ၊ ပြိုင်ပွဲပုံစံနှင့် နှစ်မိနစ်အနားတောင်းခွင့်စည်းမျဉ်း ထည့်သွင်းအသုံးပြုလာမှုတို့ကို လေ့လာဖတ်ရှုနိုင်ပါသည်။
အင်တာဗျူး

ရွှေဝါထွန်း ဘယ်လိုဖြစ်တည်လာလဲ၊ သမန်းကျားကို ဘယ်လိုအနိုင်ယူခဲ့သလဲ –
ရိုးရာလက်ဝှေ့ရဲ့ ဂန္ထဝင် သထုံရွှေဝါထွန်းနှင့် တွေ့ဆုံခြင်း

ရိုးရာလက်ဝှေ့ဂန္ထဝင် ရွှေဝါထွန်းမှ ကျေးရွာပွဲများနှင့် အောက်ခြေအဆင့်ပြိုင်ပွဲများမှစ၍ သမန်းကျားကို အနိုင်ယူပြီး မြန်မာပြည်ချန်ပီယံဖြစ်လာသည့်အထိ သူ၏ ဖြတ်သန်းမှုခရီးစဉ်ကို ပြန်လည်ပြောပြထားပါသည်။
ဆောင်းပါး

လက်တင်ထားခြင်းဖြင့် လက်ဝှေ့တွင် နေရာထိန်းချုပ်ခြင်း

လက်ဝှေ့တွင် လက်တင်ထားခြင်းက သင့်ခေါင်းကို ကာကွယ်ပေးရုံထက်ပို၍ မည်သို့လုပ်ဆောင်ပေးသည်ကို လေ့လာပါ။

အထူးဖော်ပြပါဆောင်းပါးများ

ရိုးရာလက်ဝှေ့တွင် ဘယ်အရာများကို ပြုလုပ်ခွင့်တားမြစ်ထားသလဲ
လက်ဝှေ့တွင် မည်သည့်တိုက်ခိုက်မှုနည်းစနစ်များကို တားမြစ်ထားပါသလဲ
ဖတ်ရှုပါ
လက်ဝှေ့စည်းမျဉ်းအောက်တွင် မိုနာကီမူရာကို မည်သို့ရင်ဆိုင်ထိုးသတ်မလဲ

လက်ဝှေ့စည်းမျဉ်းများအောက်တွင် မိုနာကီမူရာ၏ ပြင်းထန်အားပါသော K-1 ဘေးကန်ချက်ကစားဟန်သည် ဘယ်လိုအလုပ်လုပ်မလဲ

ဖတ်ရှုပါ
လဲနေသူထူပေးပါ - လက်ဝှေ့တွင် ဘာကြောင့် မြေပြင်တိုက်ခိုက်ရေးနည်းစနစ်တွေ မပါဝင်လဲ

လက်ဝှေ့တွင် အဘယ်ကြောင့် မြေပြင်တိုက်ခိုက်ရေး မရှိရသည်ကို လေ့လာပါ။ လက်ဝှေ့၏ ဝိသေသလက္ခဏာအတွက် မတ်တပ်ရပ်တိုက်ခိုက်ရေးကို ဗဟိုချက်ဖြစ်စေခဲ့သည့် ယဉ်ကျေးမှုဆိုင်ရာ စည်းမျဉ်းများ၊ တိုက်ခိုက်မှုဆိုင်ရာ အတွေးအခေါ်များနှင့် တိုက်ပွဲမြေပြင်မှ အမြစ်တွယ်လာမှုများအကြောင်း ဖတ်ရှုကြည့်ပါ။

ဖတ်ရှုပါ
လက်ဝှေ့ဆိုသည်မှာ ကိုယ်ခံပညာ၊ တိုက်ခိုက်ရေးအားကစား၊ ယဉ်ကျေးမှုဓလေ့

"အင်္ဂါကိုးပါးအနုပညာ" ဟု လူသိများသည့် မြန်မာ့ရိုးရာလက်ဝှေ့အားကစားအကြောင်း လေ့လာလိုက်ပါ။ စည်းမျဉ်းများ၊ ထိုးသတ်ပုံစံ၊ နည်းစနစ်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများကို လမ်းညွှန်ချက်အပြည့်အစုံတွင် ဖတ်ရှုနိုင်ပါသည်။

ဖတ်ရှုပါ
ခေါင်းတိုက်ခြင်း၏ သိပ္ပံ - ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒ၊ အန္တရာယ်များနှင့် လက်ဝှေ့တွင် ခွင့်ပြုထားခြင်းအကြောင်း

မြန်မာ့လက်ဝှေ့ရှိ ခေါင်းတိုက်ခြင်း၏ နောက်ကွယ်မှ သိပ္ပံနည်းကျ အချက်အလက်များကို လေ့လာကြည့်ပါ။ ယင်း၏ ကိုယ်ခန္ဓာလှုပ်ရှားမှုဗေဒနှင့် နည်းဗျူဟာမြောက် အသုံးပြုပုံများမှစ၍ တိုက်ခိုက်သူများ အသုံးပြုချိန်တွင် ရင်ဆိုင်ရသည့် အစစ်အမှန် အန္တရာယ်များအထိ ပါဝင်ပါသည်။

ဖတ်ရှုပါ